ပူတာအို ဧပြီ ၂၉
ကချင်ပြည်နယ်အစိုးရအနေဖြင့် မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင်၊ ပူတာအိုဒေသ (၃)နှစ် အတွင်း ဝမ်းစာဖူလုံရေးအတွက် ဆင်းဧကရီ-၃ အထွက်တိုး မျိုးကောင်းမျိုးသန့်မျိုးစပါးများကို ယမန်နေ့ နံနက် ၈ နာရီက ပူတာအိုမြို့ မြို့မရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးစေ့သိုလှောင်ရုံဝင်းအတွင်း တောင်သူများသို့ ထောက်ပံ့ပေးခဲ့သည်။
ရှေးဦးစွာ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပြည်နယ်အစိုးရအဖွဲ့ ပံ့ပိုးမှုဖြင့် အထွက်တိုးမျိုးကောင်းမျိုးသန့်စပါးများ ဖြန့်ဝေထောက်ပံ့နိုင်ရေး စုဆောင်းသိုလှောင်ခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးနှင့် တာဝန်ရှိသူများက ပူတာအိုခရိုင်အတွင်း မိုးစပါးစိုက်ဧကပေါင်း (၃၇၂၈၀) ရှိသည့်အနက် ပူတာအိုမြို့နယ်အတွက် အထွက်တိုး ဆင်းဧကရီ (၃)မျိုးသန့်မျိုးစေ့ (၇၅၀၀) တင်း၊ မချမ်းဘော မြို့နယ်အတွက် (၁၅၀၀) တင်း၊ နောင်မွန်းမြို့နယ်အတွက် တင်း (၉၀၀)နှင့် ခေါင်လန်ဖူးမြို့နယ် အတွက် တင်း(၁၀၀) စုစုပေါင်းမျိုးသန့်မျိုးစေ့ တင်းပေါင်း(၁၀၀၀၀)နှင့် ဟင်းသီးဟင်းရွက်၊ပန်းအာလူး မျိုးစေ့များ၊ နှစ်ရှည်သီးနှံပင်များဖြစ်သည့် ကော်ဖီနှင့် ဂရိတ်ဖရုပျိုးပင်များကို တောင်သူများထံ အသီး သီးဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသ (၃)နှစ်အတွင်း ဝမ်းစာဖူလုံရေး စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာတွင် ယခုနှစ်တွင် ရာနှုန်းပြည့်မီကျော်လွန်လာစေရေး အထွက် တိုးမျိုးသန့်မျိုးစေ့ တင်း (၁၀၀၀၀) ထိ တိုးမြှင့်ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဒေသ ဝမ်းစာဖူလုံရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ဒုတိယစက်ဝန်းဖြင့် စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများအပေါ် မတည်ရင်းနှီးပေးလျက်ရှိသည်ကို တစ်ဦးချင်းစီက အကျိုးဖြစ်ထွန်း အောင်မြင်အောင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း၊ ဒါအပြင် စိုက်ပျိုးချိန် အမီ လယ်ထွန်ယက်မှုများ နောက်ကျမှုမဖြစ်စေရေး စက်သုံးဆီလိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်း ပေးနိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ အလားတူ နေအိမ်တိုင်း ဟင်းသီးဟင်းရွက်တစ်ပိုင် တစ်နိုင် စိုက်ပျိုးခြင်းကို မဖြစ်မနေစိုက်ပျိုးကြရေး တိုက်တွန်းစေလိုသည့်အပြင် လိုအပ်သည့်မျိုးစေ့ များကို ပံ့ပိုးကူညီသွားမည်ဖြစ်ပါကြောင်း၊ ပူတာအိုဒေသ စားရေရိက္ခာဖူလုံရေးအတွက် မိမိတို့အစိုးရ အဖွဲ့၊ ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အခက်အခဲများကို အတူတကွ တွန်းလှန်ကျော်ဖြတ်ကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒေသခံတောင်သူများနှင့်အတူ မျိုးသန့်မျိုးစေ့သိုလှောင်ရုံများအတွင်း ဖြန့်ဝေပေးအပ်ခဲ့သည့် အထွက်တိုး ဆင်းဧကရီ (၃) မျိုးသန့်မျိုးစေ့ တင်း (၁၀၀၀၀) အား စနစ်တကျ သိုလှောင်ထားရှိမှုများကို တောင်သူများနှင့်အတူ လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကောင်ကထောင်ရပ်ကွက်အတွင်း စိုက်ပျိုးရေး ဦးစီးဌာနပိုင် မတ်ပန်ခြံအတွင်း ပူတာအိုဒေသအတွက် မျိုးစေ့သန့်စင်စက်ရုံ အဆောက် အဦသစ် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် စက်ရုံအတွင်း မျိုးစေ့သန့်စင်စက်တပ်ဆင်ဆောင် ရွက်နေမှု များကိုလည်းကောင်း၊ မတ်ပန်ကွင်းအတွင်းရှိ လယ်မြေများတွင် မိုးစပါးစိုက်ပျိုးချိန်အမီ မြေသြဇာ မြေဆီမြေနှစ်ပြည့်ဝစေရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့များအား တောင်သူ အသိပညာပေးကြဲပက်ပွဲအခမ်းအနားသို့ တောင်သူများနှင့်အတူ တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၏ ကြဲပက်ဆောင်ရွက်မှုကို ကြည့်ရှုအားပေးကာ ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် ဒုတ္တန်ရပ်ကွက်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် (၁၀၇.၇၀) သန်းဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် စက်မှုလက်မှုသိပ္ပံကျောင်းသွားလမ်း ကွန်ကရစ်လမ်းသစ်ခင်းကျင်းဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း၊ ထိုမှတစ်ဆင့် အထက်နမ့် ထွမ်ရေအားလျှပ်စစ်စက်ရုံသွားလမ်းပေါ်ရှိ ကြိုးတံတားအား ပေ ၂၀၀ အား စက်ရုံသုံးပစ္စည်းများ သယ်ယူသွားလာရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် သံကွန်ကွန်ကရစ်တံတားသစ်တည် ဆောက်ပေးနိုင်ရေးအတွက် လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အခြေခံပညာအထက်တန်း(ဒုတ္တန်) ကျောင်းဝင်းအတွင်း ၂၀၂၄၅-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ် (၅၂၅ ဒဿမ ၆၈၂) သန်းဖြင့် ဆောင်ရွက်ပြီးစီးသည့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ကျောင်း ဆောင်သစ်အတွင်း စာသင်ခုံ၊ ပရိဘောဂလိုအပ်ချက်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ဆွေးနွေး တင်ပြမှုများအပေါ် ဒေသတွင်း တည်ဆောက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ်အတွင်း ကျေးရွာပေါင်း (၂၈)ရွာအတွင်း လယ်ယာထုတ်ကုန်ပစ္စည်းများ သယ်ယူတင်ပို့နိုင်ရေးအတွက် အဓိက လမ်းတစ်ခုဖြစ်သည့် ပူတာအို-လယ်မယ်ဝါဂျီ-နမ်ရှယ်ကော့-မန်စေခွန်-မန်စေလမ်း (ပူတာအိုလွင်ပြင် ပတ်လမ်း) ၂၅ မိုင်လမ်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းလုပ်ငန်းစီမံကိန်းရှင်းလင်းဆောင်၌ လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ တံတားဆောင်ရွက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းတင်ပြ မှုများအပေါ် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အဆိုပါကျေးရွာအုပ်စုများ အတွင်း လယ်မြေများတွင် မြေဆီမြေနှစ်ပါးလွှာမှုကို ကြည့်ရှုစစ်ဆေးခဲ့ကာ မြေဆီလွှာနှင့် ကိုက်ညီပြီး ဖြစ်ထွန်းအောင်မြင်သည့် သီးနှံများစမ်းသပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပမ္မတီးကျေးရွာမှ ပမ္မတီးကျေးရွာအုပ်စု မလိခေါင်ကျေးရွာသို့ သွားရောက်ပြီး ပူတာအို မြို့နယ်နှင့် မချမ်းဘောမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း (၁၃)ရွာ၊ အိမ်ခြေ(၇၀၀)ကျော် တို့၏ စိုက်ပျိုးရေးထုတ်ကုန် သီးနှံများသယ်ယူတင်ပို့်နိုင်ရေးအတွက် အဓိကလမ်းတစ်ခုဖြစ်သည့်အတွက် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခဲ့သော ပမ္မတီး-နမ်ရှယ်-မလိခေါင်ကျေးရွာချင်းဆက် လမ်း (၄)မိုင် (၅)ဖာလုံအရှည်ရှိ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လမ်း၊ တံတားများကို တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် ဘဏ္ဍာနှစ်အလိုက် လျာထားတင်ပြနိုင်ရေး မှာကြားခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်ခြံဝင်းများအတွင်း ဘုရင်သီး၊ ဂရိတ်ဖရုသီး၊ အမေရိကန်သံပုရာသီးနှံပင်များ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုများ၊ မိသားစု တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျေးရွာအတွက် လိုအပ်သည့် သောက်သုံးရေ လုံလောက်မှုရှိစေရေးနှင့် လျှပ်စစ်မီးရရှိရေးတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် မုဒုံကျေးရွာ၌ ပူတောင်းကျေးရွာအုပ်စု ကွင်းအမှတ် (၃၁) မုဒုံ-၂ ကွင်းအတွင်း ဒေသခံ တောင်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ရန်ပုံငွေဖြင့် စက်မှုလယ်ယာဦးစီးဌာနက ဆောင်ရွက်ပေးခဲ့ သော လယ် (၁၂၅)ဧက ဖော်ထုတ်ပြီးစီးမှု အခြေအနေများနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲ ရေးဦးစီးဌာနက လယ်မြေများအတွင်း စိုက်ပျိုးရေ ရရှိရေးအတွက် လယ်မယ်ဝါဂျီရေလွှဲ ဆည်မှ တစ်ဆင့် ရေသွယ်မြောင်းမကြီး၊ လက်တံမြောင်းများဖြင့် ရေပေးဝေသွားမည့်အစီအစဉ်များကို စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည် များ ဖြည့်စွက်ဆောင်ရွက်ပေးနိုင်ရေး မှာကြားခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များ တင်ပြမှု အပေါ် ညှိနှိုင်းပေါင်းစပ်၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ လယ်ဧက (၁၂၅)နှင့် ပင်မရေမြောင်းတူးဖော် ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မုဒုံကျေးရွာအတွင်း အဆိုပါ မုဒုံကွင်း၌ လယ်ကောများအား ပြန်လည်ဖော်ထုတ်ပေးနိုင်ရေးနှင့် စိုက်ဧရိယာတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ ပင်မရေနုတ်မြောင်းမှ တစ်ဆင့် စိုက်ပျိုးရေ ဖြန့်ဝေပေး နိုင်ရေး ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ဘဏ္ဍာနှစ်အလိုက် တွက်ချက်တင်ပြ၍ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)