မြင်းခြံ ဧပြီ ၂၉
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု အင်ကြင်းပင်ကျေးရွာအနီးတွင် ယမန်နေ့ နံနက် (၁၁:၁၅) နာရီ အချိန်ခန့် ဒီဇယ်ဆီပေပါများ တင်ဆောင်ထားသည့်ကား မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒယ်ဒီဆီပေပါများ တင်ဆောင်ထားသည့်ကား ကွင်းပြင်တွင် ရပ်နားထားစဉ် ယာဉ်ပေါ်ပါ ဒီဇယ်ဆီပေပါအတွင်းရှိ ဒီဇယ်ဆီများမှာ အပူရှိန်မြင့်မားမှုနှင့် ဆီယိုစိမ့်မှုတို့ကြောင့် အလိုအလျောက် မီးလောင်ကျွမ်းခြင်းဖြစ်သည်။ မီးလောင်ရာသို့ မြင်းခြံခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၄) စီး၊ Foam မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုသန့် ဦးစီး၍ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ရေသယ်ယာဉ် (၁) စီး၊ မြင်းခြံနယ်မြေ မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁) စီး၊ အဖြူရောင်လက်များ ပရဟိတအသင်းမှ ရေသယ်ယာဉ် (၁) စီး၊ နတ်ကြီးပင်ပရဟိတ ရေသယ်ယာဉ် (၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် တို့မှ သွားရောက်ငြှိမ်းသတ်ခဲ့ကြသည်။
အဆိုပါ မီးလောင်မှုကြောင့် MITSUBISHI Canter (၁) စီး ဆုံးရှုံးမှုတန်ဖိုး (၆၀၀၀၀၀၀) ကျပ်ခန့်၊ ဒီဇယ်ဆီပေပါ (၈) လုံးခန့် ဆုံးရှုံးမှုတန်ဖိုး (၂၀၀၀၀၀၀) ကျပ်ခန့် စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး (၈၀၀၀၀၀၀) ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။ မီးလောင်မှုနှင့် ပတ်သက်၍ အမှုဖွင့် အရေးယူဆောင်းရွက်ခြင်း မပြုလုပ်ဘဲ ယာဉ်မောင်းအား မီးဘေးလုံခြုံရေး ဆိုင်ရာ အသိပညာပေး လမ်းညွှန်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)