ရန်ကုန် ဧပြီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းတောရတပ်ဦးကျောင်း၊ မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီ သိရီကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ) Ph.D (Social Science), Ph.D (Vipassanā Bhāvanā) Thailand နိုင်ငံတော်သမ္မတကြီး၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုဘွဲ့တံဆိပ်တော်ရ ပြည်တွင်း ပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု၊ အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရထေရ်ရှင်မြတ်အား အမှူးထားပြီး ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ စုပေါင်း၍ ကလေးငယ်များအား မြန်မာ့ရိုးရာအစဉ်လာအတိုင်း သာမဏေရပဗ္ဗဇ္ဇသာသနာ့အမွေခံရှင်ပြု အလှူတော်၊ သာသနာ့ဘောင်သို့ သွတ်သွင်းခြင်း မင်္ဂလာအခမ်းနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း၌ ပြုလုပ်ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် သံဃာတော်များ၊ အလှူရှင်မိသားစုများနှင့် ဧည့်ပရိတ်သက်များက နမောတသသုံးကြိမ် ရွတ်ဆိုအခမ်းနားဖွင့်ခဲ့ကြသည်။ ထို့နောက် ဧည့်ပရိတ်သက်များက အောင်ဆန်းဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည့်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချအမျှပေးခြင်းများ ဆောင်ရွက်ပြီး အခမ်းနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး အခမ်းနားကို ရပ်နားခဲ့ကြသည်။
အလှူတော်မင်္ဂလာကို အလှူရှင်ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုများက စုပေါင်း၍ ဧပြီ ၂၈ ရက်နေ့မှစတင်ကာ အောင်းဆန်းဆရာတော်ကြီးအား သိက္ခာတော်ထပ်မင်္ဂလာအခမ်းအနားပြုလုပ်ပြီး သာမဏေရပဗ္ဗဇ္ဇသာသနာ့အမွေခံ ရှင်ပြုအလှူတော်မင်္ဂလာကို မြန်မာ့ရိုးရာအစဉ်လာအတိုင်း သာသနာ့အမွေခံယူကြမည့် ကလေးငယ်များ ရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့် ရှင်းလောင်းလှည်လည်ခြင်း၊ ဘိသိတ်သွန်းမင်္ဂလာပြုလုပ်ပြီး ကလေးငယ်များအား သာသနာ့ဘောင်သို့ သွပ်သွင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ကျင်းပပြုလုပ်သည့် သာမဏေရပဗ္ဗဇ္ဇသာသနာ့အမွေခံ ရှင်ပြုအလှူတော်မင်္ဂလာကို ကောင်းစုစံပညာ့ရိပ်မွန် ကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုက စုပေါင်း၍ အောင်ဆန်းဆရာတော်ကြီးအား အမှူးထားပြီး သာသနာတော်တည်တန့်စေရန် ရည်ရွယ်ပြီး ကလေးငယ်(၅၄)ဦးကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)