သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မြစ်ကြီးနားမြို့ ယဉ်ကျေးမှုပြတိုက် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဧပြီ     ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဧပြီလ ၂၈ ရက် နံနက် ၈နာရီက မြစ်ကြီးနားမြို့ရှိ ယဉ်ကျေးမှုပြတိုက် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကချင်ပြည်နယ်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနရှိ ရှင်းလင်းဆောင်၌ ယဉ်ကျေးမှုပြတိုက်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အထူးအဖွဲ့(၈)မှ အင်ဂျင်နီယာကလည်းကောင်း၊ ပြခန်းများ ခင်းကျင်းပြသထားရှိမှုအခြေအနေများကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ကချင်ပြည်နယ်တာဝန်ခံက ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ယဉ်ကျေးမှုပြတိုက်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း သတ်မှတ်အချိန်မီပြီးစီးရေး၊ စံချိန် စံညွှန်းမီ တည်ဆောက်ရေးအတွက် အထူးအလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တိုးချဲ့ဆောင် ဆောက်လုပ်ပြီးစီးပါက တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုကို Touch Screen များဖြင့် ပြသရေးနှင့်အလယ်တွင် မနောကကွက်ပုံစံငယ် ပြုလုပ်ပြသရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး အသစ်တိုးချဲ့တည်ဆောက်လျက်ရှိသော ယဉ်ကျေးမှုပြတိုက်   ပြတိုက်အဆောက်အအုံ ပန္နက်ပုံစံအရရေးဆွဲထားရှိသည့် ပြခန်းခင်းကျင်းပြသမည့် Layout Plan များ၊ လက်ရှိယဉ်ကျေးမှုပြတိုက်တွင် ခင်းကျင်းပြသထားရှိသည်များအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး  မလိခခန်းမ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဖိတ်ကြားထားသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်တွင် မှီတင်းနေထိုင်ကြသည့် ကချင်လူမျိုး(၆)မျိုး၊ ရှမ်းလူမျိုး(၅)မျိုးနှင့် အခြားသောတိုင်းရင်းသားတို့၏  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကို ပြသဖော်ညွှန်းရန် ရည်ရွယ်၍ ယဉ်ကျေးမှုပြတိုက်အသစ် ဆောက်လုပ်ပေးလျက်ရှိပါကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ လက်ရှိပြတိုက်တွင် ကချင်လူမျိုး(၆)မျိုး၊ ရှမ်းလူမျိုး(၅)မျိုးတို့၏ ရိုးရာဝတ်စား ဆင်ယင်မှုများ၊ ရိုးရာအသုံးအဆောင်ပစ္စည်းများနှင့် ယဉ်ကျေးမှု ဓလေ့များ၊ ဒြပ်ရှိဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်များ၊ စာပေပြခန်းစသည့်ဖြင့် ပြခန်း(၈)ခန်းနှင့် စာကြည့်တိုက်တို့ဖြင့် ဖွဲ့စည်း ခင်းကျင်းပြသထားရာ ပြတိုက်တိုးချဲ့ဆောင် ဆောက်လုပ်ပြီးစီးပါက မျိုးနွယ်စုအလိုက် ယဉ်ကျေးမှု ဓလေ့ထုံးစံများ ပေါ်လွင်အောင် ခေတ်မီနည်းစနစ်များအသုံးပြု၍ ပြသသွားမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ထိုသို့ခင်းကျင်းပြသနိုင်ရန် လိုအပ်သည့် အချက်အလက်များ၊ ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်း များ၊ မပြည့်စုံသေးသော ပြကွက်အလိုက် ပစ္စည်းများစုဆောင်းရရှိရေးအတွက် တက်ရောက်လာသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ပါဝင်ကူညီဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို ရင်းနှီးပွင့်လင်းစွာ တင်ပြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသော တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ တာဝန်ရှိ သူများက လိုအပ်သည်များအား တင်ပြဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ ဒေါ်နုမြဇံက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ရန်ကြီးအောင်ရပ်ကွက်ရှိ အံတော်ရှင်ဗဟိုကျောင်းတိုက်ဆရာတော် ဒေါက်တာဥာဏဓဇ မဟာသဒ္ဓမ္မဇောတိကဓဇ အား သွာရောက်ကြည်ညို ဖူးမြော်ပြီး နဝကမ္မ အလှူငွေများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ပြည်နယ်(ပြန်/ဆက်)