သာကေတ ဧပြီ ၂၉
နိုင်ငံတော်အစိုးရမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၄) ရက်တွင် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ရာတွင် '' အဂ္ဂမဟာပဏ္ဍိတ '' ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူသော ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် အောင်မော်စံစာသင်တိုက် ပဓာနမဟာနာယက နိုင်ငံတော်သံဃသမ္မုတိရသံဃာ့ကိုယ်စားလှယ်ဆရာတော် ဘဒ္ဒန္တ အာစိဏ္ဏ ( အဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ၊ ပရိယတ္တိသာသနာနုဂ္ဂဟဓမ္မာစရိယ) အရှင်သူမြတ်အား တပည့်သံဃာတော်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏဝိသိဋ္ဌပူဇာမဂ်လာကို ယမန်နေ့နံနက်နံနက် (၈) နာရီက အဆိုပါ အောင်မော်စံစာသင်တိုက်၌ ဆင်ယင်ကျင်းပသည်။
ရှေးဦးစွာ အောင်မော်ဆရာတော်အား 'အဘိယာစန နိမန္တန'' ဂါထာဖြင့် ပူဇာသနပလ္လင်ပေါ်သို့ ပင့်ဆောင်ပြီး ကြွရောက်လာကြသည့် သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် သင်္ဃန်းကျွန်းမြို့နယ် မူလဆယ်တောင်ပြည့်ကျောင်းတိုက် ဦးစီးပဓာနမဟာနာယက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊နိုင်ငံစွမ်းဆောင်ရည်ဆု၊ ဇေယျာလူမှုထူးချွန်ဆု၊ ကမ္ဘာ့ငြိမ်းချမ်းရေး စေတမန်ဆုများရှင် ဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းသည့် '' အဂ္ဂမဟာပဏ္ဍိတ '' ဘွဲ့တံဆိပ်တော်မြတ်ကို သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူကလည်းကောင်း၊ ဘွဲ့တံဆိပ်အလံတော်အား အဖွဲ့ဝင်(၁) ဗိုလ်မှူးသူရိန်ဇော် ကလည်းကောင်း အောင်မော်စံဆရာတော်ကို ထပ်ဆင့်ဂုဏ်ပြု ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ အဂ္ဂမဟာပဏ္ဍိတ ဂုဏဝိသိဋ္ဌပူဇာသဘင် ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်နာယက မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက သာသနာတော်ဆိုင်ရာများ လျောက်ထားပြီး ဂုဏဝိသိဋ္ဌပူဇာသဘင် ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနာ့တက္ကသီလဓမ္မာစရိယ B.A ဘဒ္ဒန္တ သောဘနက ဝမ်းမြောက်မုဒိတာစကားပြောကြားသည်။ ယင်းနောက် ဧည့်ပရိတ်သတ်အပေါင်းက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ အောင်မော်စံဆရာတော်နှင့် သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလက သာရဏီယကထာမြွက်ကြား၍ ရေစက်သွန်းချ တရားတော်ချီးမြှင့်ခဲ့သည်။ ပိဋကတ္တယဆေကဂုဏ်၊ ဂန္ထဓုရာဝဟဂုဏ်၊ မဟာထေရဂုဏ်၊ ပရိယတ္တိဝိသာရဒဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမ စသည့်ဂုဏ်တို့နှင့် ပြည့်စုံတော်မူသော ဆရာတော်လောင်းလျာကို ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ခရုတန်းကျေးရွာတွင် ခမည်းတော် ဦးကျော်သိန်း + မယ်တော် ဒေါ်လှရှင်တို့မှ (၁၃၁၄) ခု တပို့တွဲလဆန်း ၈ ရက်နေ့တွင် ဖွားမြင်တော်မူခဲ့ပြီး မွေးချင်း (၆) ဦးအနက် စတုတ္ထမြောက် သားမြတ်ရတနာဖြစ်သည်။ (၁၃၂၃) ခု တန်ခူးလပြည့်ကျော် (၇) ရက်တွင် ခရမ်းမြို့ ခရုတန်းကျေးရွာ ထိန်ပင်ကျောင်းဆရာတော် ဘဒ္ဒန္တ ကောသလ္လကို ဥပဇ္စျာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ဘွဲ့တော် အရှင်အာစိဏ္ဏ ဖြင့် သာမဏေအဖြစ်ရောက်ရှိခဲ့ပြီး (၁၃၃၄) ခု ကဆုန်လဆန်း (၁၅) ရက်တွင် ခရမ်းမြို့ ကံဘဲ့ကျေးရွာ၊ ကံဘဲ့ကျောင်း ခဏ္ဍသိမ်၌ ထိန်ပင်ကျောင်းဆရာတော် ဘဒ္ဒန္တကောသလ္လကို ဥပဇ္စျာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။ ဆရာတော်သည် သာသနာတော်ဆိုင်ရာ တာဝန်များကို ထမ်းဆောင်ရင်း ပရိယတ္တိစာပေများကို သင်ယူခဲ့ကာ (၁၃၃၃) ခုတွင် ပရိယတ္တိသာသနာနုဂ္ဂဟဓမ္မာစရိယဘွဲ့၊ (၁၃၃၅) ခုတွင် သာသနဓဇဓမ္မာစရိယဘွဲ့၊ (၁၃၇၀) ပြည့်တွင် ဂန္ထဝါစကပဏ္ဍိတဘွဲ့၊ (၁၃၇၇) ခုတွင် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့၊ ၁၃၈၀ ပြည့်တွင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ ၊ ၂၀၂၄ ခုနှစ် ( ၁၃၈၅ ခု) ဇန်နဝါရီ ၄ ရက်တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်လှူဒါန်းသည့်'' အဂ္ဂမဟာပဏ္ဍိတ ''ဘွဲ့တံဆိပ်တော်မြတ်ကို အလှူခံရရှိတော်မူခဲ့သည်။
အဆိုပါ ဂုဏဝိသိဋ္ဌပူဇာသဘင်တွင် ရွှေတံဆိပ်များဆုရှင် တေးသံရှင် ခရမ်းကြည်ကြည်မာနှင့်အတူ တေးသံရှင် ကောင်းမြင့်အောင်၊ တေးသံရှင် ကျောက်ပန်းတောင်းကျော်လွင်တို့က ရတုပိုဒ်စုံများအပြင် အရှင်အာစိဏ္ဏ (အောင်မော်စံ) ပြင်ဆင်ရေးသားသော ''ကိုင်းကုန်းကျောင်းက သံချောင်းသံ'' တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)