ညောင်ဦး ဧပြီ ၂၉
ပုဂံလူရည်ချွန်စခန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ အောင်မြေသာရပ်ရှိ ပုဂံလူရည်ချွန်စခန်း မုခ်ဦးရှေ့၌ ကျင်းပသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူရည်ချွန်ကြီးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် လူရည်ချွန်ကျောင်း သားကျောင်းသူများ၊ ကြီးကြပ် ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ ပုဂံလူရည်ချွန်စခန်းအား လူရည်ချွန် ကျောင်းသား/ကျောင်းသူတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အခမ်းအနားကို (Heritage Hotel) ၌ ဆက်လက်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး၊ နဝမတန်း လူရည်ချွန်ကျောင်းသား/ကျောင်းသူများကိုယ်စား လူရည်ချွန်ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ လူရည်ချွန် ကျောင်းသား/ကျောင်းသူများအတွက် လူရည်ချွန်တံဆိပ်များကို ကျောင်းသား/ကျောင်းသူ ကိုယ်စားလှယ်တစ်ဦးစီထံ ပေးအပ်ပြီး လူရည်ချွန် ကျောင်းသား (၁)ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပညာရေးဝန် ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများ၊ လူရည်ချွန်ကြီးများက လူရည်ချွန် ကျောင်းသား/ကျောင်းသူများကို ရင်ထိုးတံဆိပ်များ တပ်ဆင်ပေးကာ ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်ကြပြီး လူရည်ချွန်ကျောင်းသား/ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ လူရည်ချွန်ကျောင်းသား/ကျောင်းသူများက အမှတ်တရသစ်ပင် စိုက်ပျိုးကြသည်။
ဆက်လက်၍ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် မနုဟာဘုရား၊ မြစေတီဘုရား၊ ဗူးဘုရား၊ သဗ္ဗညုဘုရား၊ ထီးလိုမင်းလိုဘုရားနှင့် ရွှေစည်းခုံဘုရားတို့အား ဖူးမြှော်ကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများက ဘုရားသမိုင်းကြောင်းနှင့် နံရံဆေးရေးပန်းချီများ၊ ဗိသုကာလက်ရာများကို ရှင်းလင်းပြောကြားပေးရာ လူရည်ချွန်ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းကြပြီး တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ညောင်ဦး(ပြန်/ဆက်)