ကျိုက်မရော ဧပြီ ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာတွင် ယိုးဒယားကြက်မောက်သီးမျိုးများ စတင်ထွက်ရှိနေပြီး စျေးကောင်းရရှိရန် ခြံရှင်များ မျှော်လင့်လျက်ရှိကြောင်း သိရသည်။
နတ်စမ်းဒေသထွက် ကြက်မောက်သီးမျိုးကတော့ ယိုးဒယားကိုင်းဆက်မျိုးနှင့် မြန်မာသီးမျိူးဟူ၍ နှစ်မျိုးရှိရာ ယခုချိန်၌ ယိုးဒယားကိုင်းဆက်သီးများ စတင်ထွက်ရှိနေပြီး စျေးကောင်းရရန် ခြံရှင်များက မျှော်လင့်နေကြသည်။ ယခင်နှစ်ကတော့ ကြက်မောက်သီး တစ်တွဲကို ခုနှစ်ထောင်မှ တစ်သောင်းကျပ်ထိသာရပြီး ယခုနှစ်ကတော့ ပေါ်ဦး ပေါ်ဖျားစျေးက အလုံး (၅၀) ပါတစ်တွဲကို တစ်သောင်းကျပ်ထိ ရရှိနေကြောင်း ကြက်မောက်သီးစီးပွားဖြစ် စိုက်ပျိုးရောင်းချသူ ဒေါ်စမ်းစမ်းမော်က ပြောသည်။
ယခုချိန်တွင် ကျိုက်မရော နတ်စမ်းဒေသထွက် ကြက်မောက်သီးများကို ကုန်သည်များ အဝယ်လိုက်နေပြီး ခြံချုုပ်ပြီး ကြိုတင်ငွေပေးတာတွေလည်းရှိကြောင်း သိရသည်။ ကဆုန်လပြည့်ပြီးရင်တော့ မိုးလည်းရွာချိန်ဖြစ်၍ အသီးများ လှိုင်လှိုင်ထွက်ရှိကာ အခြားသော မြို့ကြီးများသို့ ကား၊ ရထားများဖြင့် တင်ပို့ရောင်းချနိုင်ပြီးဖြစ်ကြောင်း သိရသည်။
မိချို (ပြန်/ဆက်)