လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio) တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

လားရှိုး ဧပြီ ၂၈

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် မျိုးဆက်သစ် လူငယ်/လူရွယ်များကို နိုင်ငံ့သားကောင်းများ ဖြစ်လာစေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့်  ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာသာမက  ပြင်ပစာပေ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club)  အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ဧပြီလ(၂၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး(လားရှိုး)မှ  ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင် စာရေးဆရာမ ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး)က စာဖတ်ဝိုင်းကျင်းပခြင်းမှ ရရှိလာနိုင်မည့် အကျိုးကျေးဇူးများနှင့် ဖတ်ကြားမည့် စာအုပ်အကြောင်းကို ပြောကြားသည်။

ယင်းနောက် စာရေးဆရာ ရန်ကုန်ဘဆွေ ရေးသားသည့် “မြန်မာပြည်သား” စာအုပ်ပါ အကြောင်းအရာများကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများက ဖတ်ကြားကြပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                                

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးအနေဖြင့် လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(လားရှိုး)တွင် လူငယ်စကားဝိုင်းများ ၊ ပြပွဲ/ ပြိုင်ပွဲများ ၊ စာဖတ်ဝိုင်းများ ၊ ဟောပြောပွဲများ ၊ သင်တန်းများ ၊ Talk show များကို စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

စိုင်းထွန်း(ပြန်/ဆက်)