တာချီလိတ် ဧပြီ ၂၈
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို (၂၇)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၌ ယနေ့ နံနက် ၉ နာရီက ကျင်းပသည်။
ပြိုင်ပွဲကို “မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှရှောင်ရှားကြ၊ မူးယစ်ဆေးဝါး ကာကွယ်ရေး အသိပညာမြှင့်တင်ပေး၊ မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန်မျိုးဗီဇ၊ ဉာဏ်ရည်လည်းရှုံးလူညွန့်တုံး စည်းလုံးတိုက်ဖျက် ထိုမူးယစ်၊ လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူ ကူညီစို့၊ မူးယစ်ကင်းကွာပပျောက်ဖို့ လူကြီးလူငယ်လက်တွဲစို့၊ ခွဲခြားနှိမ့်ချကင်းစင်ဝေး ကာကွယ်ရေးကိုအလေးပေး လူသားအားလုံးကျန်းမာရေး”စသည့်ခေါင်းစဉ်များဖြင့် ကျင်းပရာ တာချီလိတ်ခရိုင်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ပန်းချီပြိုင်ပွဲဝင် ၂၆ ဦး၊ ပိုစတာပြိုင်ပွဲဝင် ၁၈ ဦး၊ ကာတွန်းပြိုင်ပွဲဝင် ၁၅ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၉ ဦးမှ မိမိကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများအား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ချမ်းမြေ့ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့်ရှူ့ အားပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း(ပြန်/ဆက်)