မုဒုံ ဧပြီ ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)၌ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသော အမျိုးသမီးငယ်များအတွက် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်းများအပြင် အခြားအသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို နှစ်စဥ်ဖွင့်လှစ်သင်ကြားပေးရာ ယနေ့ထိ အမျိုးသမီးငယ် သင်တန်းသူ ၂၄၉၂ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကျောင်းကို တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရန်နှင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောက်အထည်ဖော်ဆောင်ရေးအတွက် ၂၀၀၅ ခုနှစ် မေလ ၁၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး (၁၈)နှစ်ကျော်ကာလအတွင်း အခြေခံအိမ်တွင်းမှုသင်တန်းတက်ရောက်ပြီးသူ ၁၆၈၂ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်း တက်ရောက်ပြီးသူ ၄၄၆ ဦး၊ ကြိမ်/ဝါးသင်တန်းတက်ရောက်ပြီးသူ ၃၇ ဦး၊ ဟင်းလျာသင်တန်းတက်ရောက်ပြီးသူ ၉ ဦး၊ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၂၂၉ ဦးနှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းတက်ရောက်ပြီးသူ ၈၉ ဦး စုစုပေါင်း သင်တန်းသူ ၂၄၉၂ ဦးကို သင်ကြားလေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းဆင်း သင်တန်းသူများအနက် စက်ချုပ်ပညာ၊ ရက်ကန်းပညာ၊ လက်မှုပညာ၊ အစားအစာပြုလုပ်ရောင်းချသူများက သင်ကြားတက်မြောက်ထားသော အတတ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ၁၃၃၀ ဦးရှိပြီးဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုရှိန်က ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုသင်တန်းကျောင်းမှ သင်တန်းများပြီးဆုံးပါက တစ်နိုင်တစ်ပိုင်လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များ အရစ်ကျရောင်းချပေးခြင်း၊ သင်တန်းထူးချွန်ဆုများ ချီးမြှင့်ပေးခြင်း၊ အထည်ချုပ်လုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်လိုသည့် သင်တန်းသူများကိုလည်း ခေတ်မီမော်တာအထည်ချုပ်စက်များဖြင့် သင်တန်းသို့ တက်ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် အလုပ်သမားညွှန်ကြားရေးမှုဦးစီးဌာနက အလုပ်သမားအသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးကာ အချိန်တိုအတွင်း အထည်ချုပ်စက်ရုံများတွင်လည်း အလုပ်ခန့်အပ်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)