မိတ္ထီလာ ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သာယာမြောက်ပိုင်းရပ်ကွက် ၂ လမ်းနှင့် ၃ လမ်းကြားရှိ လူနေအိမ်တွင် ၎င်းနေအိမ်မှ ရေမော်တာသို့သွယ်တန်းထားသည့် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ ထရံသို့ကူးစက်၍ လူနေအိမ်မီးလောင်မှု ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားသည့်နေအိမ် ၁၆ ပေပတ်လည် သွပ်မိုး၊ ထရံကာ၊ ၁ ထပ်လူနေအိမ်သို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် သန္ဓေတပ်ဖွဲ့ဝင် ၂၉ ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၅ ဦးတို့က မီးငြိမ်းသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် မီးလောင်မှုသတင်းရသည့် အချိန်နှင့်တစ်ပြေးညီ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၅၉ မိနစ်ခန့်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် အဆိုပါ လူနေအိမ်၏ အကာထရံများအားလုံးပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး သုံးသောင်းနှစ် ထောင်ကျပ်ခန့်ရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။ အဆိုပါမီးလောင်မှုနှင့် ပတ်သက်၍ အိမ်ပိုင်ရှင် ဦးထွန်းလင်းအား အမှတ်(၃) နယ်မြေရဲစခန်းက ပုဒ်မ ၂၈၅ (ပ) ၂၉/၂ဝ၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ချမ်းသာ