မောက်မယ် ဧပြီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သော ရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များနှင့် စည်ပင်သာယာမြို့မစျေးအတွင်း ယမန်နေ့နံနက်ပိုင်း၉နာရီက ကြိုတင်လိုက်လံကွင်းဆင်းစစ်ဆေး အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ် ဦးစီးဌာနဦးစီးအရာရှိ ဦးသန်းလင်းအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းရှိစက်သုံးဆီ အရောင်းဆိုင်များ၊ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မိမိစျေးဆိုင် ပတ်ဝန်းကျင်တွင် လောင်စာအမှိုက်သရိုက်များရှင်းလင်းထားရန်၊ မိမိစျေးဆိုင်ခန်းနှင့်စျေးဆိုင်ဥပစာအတွင်း ခွင့်ပြုချက်မရှိဘဲ လောင်စာဆီသိုလှောင်ခြင်း ရောင်းချခြင်းမပြုလုပ်ရန်၊ မီးလောင်ကျွမ်းမှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရန် မီးဘေးလုံခြုံရေးအတွက် ရေပုံးနှင့်မီးချိတ်မီးကပ်၊ မီးသတ်ဆေးဗူးများ ထားရှိရန်၊ ပေါက်ပြဲဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများအသုံးမပြုရန်၊ ဆိုင်တွင်လူမရှိသောအခါ လျှပ်စစ်မိန်းခလုပ်များပိတ်ထားရန်၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းနံပါတ်များမှတ်သားထားရှိရန်၊ မီးလောင်မှုများဖြစ်ပွားပါကလည်း ဆုံးရှုံးမှုနည်းပါးစေရေးနှင့် အချိန်မီမီးငြိမ်းသတ်နိုင်ရေးတို့အတွက် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်စစ်ဆေး ခဲ့ကြောင်းသိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)