မန္တလေး ဧပြီ ၂၇
မန္တလေးမြို့ပေါ် တွင် ဆဋ္ဌမမြာက် EV Charging Station ဖြစ်သည့် NPK ကုမ္ပဏီ၏ MG EV Charging Station ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ရှစ်နာရီခွဲက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စနမဟီရပ်ကွက်၊ ၇၉ လမ်း၊ ၃၀ × ၃၁ လမ်းကြားရှိ အဆိုပါ Charging Station ရှေ့တွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲအသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ ဥပဒေချုပ်ဦးမြင့်အောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းတို့နှင့်တာဝန်ရှိသူများ၊ NPK Motors ကုမ္ပဏီ၏ အမှုဆောင်အရာရှိ ဦးအောင်ကိုကိုဆက်နှင့် တာဝန်ရှိသူများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စုစုပေါင်း ၅၀ ဦးခန့် တက်ရောက်ကြသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး ဦးဝင်းဖေက အမှာစကားပြောကြား၍ ကုမ္ပဏီမှ ဦးအောင်ကိုကိုဆက်က Charging Station ဖွင့်လှစ်မှုနှင့်ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ Charging Station အား ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးတင့်လွင်နှင့် ကုမ္ပဏီမှ CEO ဦးရဲသီဟ တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးအောင်က Charging Station ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး Charging Station အတွင်း လှည့်လည် ကြည့်ရှုအားပေးကြကြောင်း သတင်းရရှိသည်။
ယခုဖွင့်လှစ်လိုက်သော EV Charging Station သည် မန္တလေးမြို့ပေါ်တွင် Pilot Project (၇)ခုသတ်မှတ်ထားရာ ဆဋ္ဌမမြောက်ဖြစ်ပြီး တစ်နိုင်ငံလုံးတွင်(၁၈)ခုမြောက် EV Charging Station ဖြစ်ပြီး ကား(၁၀)စီး တစ်ပြိုင်တည်း အားသွင်းနိုင်ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)