မိတ္ထီလာ ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာတစ်ဆယ့်သုံးရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ကျပ် ၂၆၉.၅၆၄သန်းဖြင့် ခရိုင်အတွင်းရှိ ကျေးရွာ(၁၃)ရွာတွင် စက်ရေတွင်းတူးခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်း၊ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ မြေသားရေကန်တူးဖော်ခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ(၅)ရွာ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ(၃)ရွာ၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ(၃)ရွာနှင့် သာစည်မြို့နယ်တွင် ကျေးရွာ(၂)ရွာတို့တွင် ကျေးလက်ရေပေးရေးလုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ၎င်းကျေးလက်ရေရရှိလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၁၃ ရွာမှ အိမ်ခြေ ၁၉၃၁ အိမ် လူဦးရေ ၉၁၉၅ တို့မှာ သန့်ရှင်းသောသောက်သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ပါကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)