မင်းဘူး ဧပြီ ၂၇
မကွေးတိုင်းဒေသကြီးအမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများအဖွဲ့သည် ဧပြီ ၂၆ ရက် ၊ နံနက် ၁၀ နာရီအချိန်က မင်းဘူးခရိုင် ၊ မင်းဘူးမြို့နယ် စကုမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန၏ အသိအမှတ်ပြု မိခင်နှင့်ကလေးမူလတန်းကြိုကျောင်း ပြန်လည်ပြုပြင်ထိန်းသိမ်း ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးအောင် တည်ဆောက်ပြုပြင်နိုင်ရေး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ရှေးဦးစွာ မကွေးတိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်သည် တိုင်းဒေသကြီးအမျိုးသမီးရေးရာ ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဆွေ၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာဒေါ်ခင်သီသီထွန်းနှင့် အဖွဲ့ဝင်များ၊ မင်းဘူးခရိုင်အမျိုးသမီးရေးရာ ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စိုးစိုးအိနှင့် အဖွဲ့ဝင်များနှင့်အတူ စကုမြို့၊ အမှတ်(၁)ရပ်ကွက် မန်းကျင်းရပ်ရှိ မိခင်နှင့် ကလေးမူလတန်းကြိုကျောင်းတွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၏ ခွင့်ပြုရန်ပုံငွေဖြင့် မူလတန်းကြိုကျောင်းဆောင် ဘက်စုံပြုပြင်တည်ဆောက်နေမှုလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ဆဲ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန် ဆွေးနွေးမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စကုမြို့ရှိ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်းမှာ သက်တမ်းနှစ်(၄၀)ခန့်ရှိပြီဖြစ်ကာ ယခုနှစ်တွင် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ရန်ပုံငွေခွဲဝေချထားပေးခဲ့ကြောင်း သိရကာ ယင်း စာသင်ကျောင်းဆောင် ရေရှည်တည်တံ့ကောင်းမွန်ရေးအတွက် ဘက်စုံပြုပြင် တည်ဆောက်ခြင်းလုပ်ငန်းအား စကုမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးချိုစန်းလွင်ဦး ၏ ကြီးကြပ်မှုဖြင့် မြို့မိမြို့ဖများ ဝိုင်းဝန်းပူးပေါင်းကာ ပြန်လည်ပြုပြင်တည်ဆောက်လျက် ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )