ပြင်ဦးလွင် ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးမှူးရုံး ကြီးကြပ်မှုအောက်ရှိ တည်ထောင်ခွင့်ပြုမိန့်ရ ဒုတိယအဆင့်ဂေဟာတစ်ခုဖြစ်သော ပရဟိတမျက်မမြင်ဘက်စုံပညာ သင်ကျောင်း၏ မျက်မမြင်လူငယ်များဖွံ့ဖြိုးတိုးတက်မှုအတွက် “လူငယ်နှင့် ပညာရေး" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် ပြင်ဦးလွင်မြို့ ၊ ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်း၏ ဦးစီးပဓာန နာယကဆရာတော်က အဖွင့်မှာစကားပြောကြားပြီး ပြင်ဦးလွင်မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာသက်နိုင် (ပြင်ဦးလွင်) နှင့် ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်သင်း(စာရေးဆရာကိုရွှေအောင်သင်း) က လူငယ်နှင့်ပညာရေးဆိုင်ရာများ၊ လူငယ်များ စိတ်ဓာတ်ခွန်အားဖြစ်ဖွယ်အကြောင်းအရာများအား ဆွေးနွေးဟောပြောသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လူမှုဝန်ထမ်းဦးစီးမှူးရုံး၊ ပြင်ဦးလွင်ခရိုင်မှ တာဝန်ရှိသူများ၊ စာရေးဆရာကြီးများ၊ ပရဟိတမျက်မမြင်ဘက်စုံပညာသင်ကျောင်းအုပ်ချုပ်သူများနှင့် ကျောင်းသား/ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင် ပြန်/ဆက်)