စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာကောင်းမှုတော်ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် (၂၄)နာရီ လျှပ်စစ်မီး အသုံးပြုနိုင်ပြီဖြစ်

စစ်ကိုင်း ဧပြီ ၂၇

စစ်ကိုင်းမြို့ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် (၂၄)နာရီ လျှပ်စစ်မီး အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် လျှပ်စစ်ဓာတ်အား ချွေတာနိုင်ရေးနှင့် (၂၄) နာရီ လျှပ်စစ်မီးပူဇော်နိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ်သို့ပြောင်းလဲပြီး လျှပ်စစ်မီးပူဇော်နိုင်ရေးအတွက်  စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်လှူဒါန်းငွေ ကျပ်သိန်း (၁၀၀၀)နှင့် စေတနာရှင်၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေ ကျပ် သိန်း (၁၀၇၀) စုစုပေါင်း ကျပ်သိန်း (၂၀၇၀) ဖြင့် ဝပ်အား (၅၆၁၆၀) ထုတ်လုပ်နိုင်သည့် ဆိုလာအချပ် (၉၆) ချပ်ကို ဘုရားကြီး၏ အရှေ့တောင်ထောင့်တွင် တပ်ဆင်အသုံးပြုထားပါသည်။

အဆိုပါ ဆိုလာစနစ်ဖြင့် ကောင်းမှုတော်ဘုရားကြီး ရင်ပြင်တော်နှင့် မုဒ်ဦးလေးမုဒ်တို့တွင် ပူဇော် ထားရှိသော (၄၅၀)ဝပ် ဆလိုက်မီး (၃၂) စုံ၊ (၂၄၀) ဝပ် ဆလိုက်မီး(၈)စုံလည်းကောင်း၊   ဘုရားစောင်းတန်းများ၊ နားနေဆောင်များအတွင်းရှိ လျှပ်စစ်မီးများ၊ ဘုရားဖူး ပြည်သူများ သောက်သုံး နိုင်ရန် ရေသန့်၊ ရေအေးစက်များ၊ ဘုရားကြီးအတွင်းရှိ ကျောင်းတိုက်များ၊ ဈေးဆိုင်ခန်းများ သုံးရေ အတွက် အသုံးပြုနိုင်ရန် ‌ရေတင် စက်(၃)လုံးတို့အားလည်းကောင်း (၂၄)နာရီ အသုံးပြုနိုင်ပြီဖြစ်ပြီး ပိုလျှံလာသည့် ဆိုလာဓာတ်အားများကိုလည်း ဘုရားကြီးရှိ ရေစင် (၂) စင်ကိုလဲ (၂၄)နာရီ အသုံးပြုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရားကြီးတွင် ယခင်က လျှပ်စစ်ဓာတ်အားဖြင့် သုံးစွဲရာတွင် လျှပ်စစ် မီတာခ တစ်လလျှင် ကျပ်သိန်း(၃၀)ခန့် ကုန်ကျလျှက်ရှိရာမှ ဆိုလာစနစ်ဖြင့် ပြောင်းလဲဆောင်ရွက် သုံးစွဲခဲ့ခြင်းကြောင့် ကျပ်(၁၀)သိန်းခန့်သာ ကုန်ကျသည့်အတွက် လျှပ်စစ်ဓာတ်အားခ ငွေကျပ် သိန်း (၂၀)ခန့် လျော့နည်းသက်သာခဲ့ကြောင်း၊ အဆိုပါ ဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့တွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့ရာ ဧပြီ(၁၂) ရက်နေ့တွင် ပြီးစီးခဲ့ပြီး ဧပြီ(၁၃)ရက်နေ့မှ စတင်၍ အသုံးပြုလျက်ရှိကြောင်း ကောင်းမှုတော်ဘုရားကြီး ဂေါပက အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်း(ပြန်/ဆက်)