မြစ်ကြီးနား ဧပြီ ၂၇
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ငွေပျော်စံပြကျေးရွာနှင့် မူလနေရပ်များသို့ ပြန်လည်ထွက်ခွာကြမည့် ယာယီခိုလှုံရာစခန်းများမှ အိမ်ထောင်စုများအား မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ ဂျာမိုင်ကောင်း RC စခန်း၌ အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ပစ္စည်းများကို သွားရောက်ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို မူလနေရပ်များနှင့် ငွေပျော်စံပြကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်ကြမည့်သူများအား ရွှေ့ပြောင်းနေထိုင်ရာတွင် လည်းကောင်း၊ ရွှေ့ပြောင်းချိန်တွင် နေထိုင်စားသောက်မှု အခက်အခဲမဖြစ်ပေါ်စေရေး အတတ်နိုင်ဆုံး ထောက်ပံ့ပေးသွားမည့်အပြင် လိုအပ်သည်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး လာရောက်အားပေးလိုခြင်းဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်ချက်၊ အခက်အခဲများတွေ့ကြုံလာပါက မိမိတို့ အားလုံးက ဝိုင်းဝန်းပူးပေါင်း၍ ဖြေရှင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂျာမိုင်ကောင်း RC စခန်းနှင့် နန်းကွေ့စိန်ယောဟန်စခန်းတို့မှ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာသို့ ရွှေ့ပြောင်းနေ ထိုင်ကြမည့် အိမ်ထောင်စု (၃၀)၊ လူဦးရေ (၁၄၈)ဦး၊ ၎င်းတို့အစီအစဉ်ဖြင့် ဝယ်ယူထားသည့် မြို့ပေါ် ရပ်ကွက်/ ကျေးရွာများနှင့် မူလနေရပ်များသို့ ပြန်လည်ရွှေ့ပြောင်းနေမည့် အိမ်ထောင်စု (၃၆)စု၊ လူဦးရေ (၁၈၇)ဦး စုစုပေါင်းအိမ်ထောင်စု(၆၆)ဦး၊ လူဦးရေ (၃၃၀)ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ က ငွေကျပ် (၈၁၈၄၀၀၀) တန်ဖိုးရှိ ဆန်အိတ်(၆၆) အိတ်၊ ဆီ (၆၆)ဘူး၊ ကြက်ဥ ၃၀ လုံးပါ (၆၆)ကတ် နှင့် ခေါက်ဆွဲခြောက်ဖာ (၆၆)ဖာတို့အား လည်းကောင်း၊ ကချင်ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနက ငွေကျပ် (၁၃၂၀၃၈၁၆)တန်ဖိုးရှိ ဆန်ရိက္ခာတစ်လစာ၊ ပြောင်းရွှေ့စရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၁၀၀၀၀၀)နှုန်းစီ၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၆၆)ပုံးတို့အား လည်းကောင်း ပစ္စည်းနှင့်ငွေသားတန်ဖိုး စုစုပေါင်း ငွေကျပ်(၂၁၃၈၇၈၁၆)ကို အသီးသီးထောက်ပံ့ ပေးအပ်ကြသည်။
ယင်းနောက် စခန်းတာဝန်ခံများက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြန်လည် ရွှေ့ပြောင်းနေထိုင်မည့် နေရာဒေသများတွင် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်ချက်များအား အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အိမ်ထောင်စုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားလေဆိပ်၌ ပူတာအိုခရိုင် အတွင်း နိုင်ငံဝန်ထမ်းများ နေထိုင်စားသောက်မှု အခက်အခဲမဖြစ်ပေါ်စေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန်များအား လေကြောင်းခရီး စဉ်ဖြင့် တင်ပို့နိုင်ရေး ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းဝန်ထမ်းများက ကုလားပဲပိဿာ (၂၀၀၀)၊ ငါးခြောက် (၆၆၇) ပိဿာနှင့် စားသုံးဆီ (၁၀၀၂)ပိဿာတို့အား သယ်ယူတင်ပို့နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများ အတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ပြန်/ဆက်