တာမွေ ဧပြီ ၂၇
“မူးယစ်ဆေးသုံး လူညွန့်တုံး၊ ဆုံးရှုံးဘဝ ကာကွယ်ကြ” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ် တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါး အမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်နှင့် မူးယစ်ဆေးဝါးကြောင့် နိုင်ငံတော်၏ တန်ဖိုးရှိလှသည့် လူ့စွမ်းအားအရင်းအမြစ်များ မဆုံးရှုံးစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟို၏ စီစဉ်မှုဖြင့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းရှိ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းခန်းမဆောင်၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်တင်ဝင်းမော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန ပြန်လည်ထူထောင်ရေးစခန်း (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဆွေလှိုင်၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌဦးစံရှိန်နှင့် အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းတို့က မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးအမျိုးမျိုး သုံးစွဲခြင်းကြောင့် လူနေမှုဘဝပေါင်းများစွာတို့၏ ထိခိုက်နစ်နာဆုံးရှုံးရမှုများ၊ ကွမ်းစားခြင်း၊ ဆေးလိပ်၊ အရက်သောက်သုံးခြင်းနှင့် ကော်ရှူခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးထိခိုက်မှုများ၊ မူးယစ်ရာဇာတို့၏ လူငယ်ထုအတွင်းသို့ နည်းအမျိုးမျိုးဖြင့် မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးရောင်းချနေမှုများ၊ မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများနှင့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် မိသားစုတွင်းပြဿနာများနှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် HIV/ AIDS ရောဂါများအကြောင်း စသည်ဖြင့် အသီးသီးအသိပညာပေး ရှင်းလင်းဟောပြောခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသားလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျောင်းသားလေးများနှင့် ဆရာ/ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(ပြန်/ဆက်)