မြစ်ကြီးနား ဧပြီ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အေးမြသီတာခန်းမ၌ သစ်တောနှင့် ဇီဝမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောဂျင်မီနီဟက်စ်လက်ခ်က သစ်တောများနှင့် ရေဝေရေလဲ ဒေသထိန်းသိမ်းရေးအကြာင်းကို လည်းကောင်း၊ မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးထိုက်က သစ်တောများ မှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းကိုလည်းကောင်း၊ မြစ်ကြီးနားမြို့နယ် သစ်တော ဦးစီးဌာနမှ တောအုပ်ကြီး ဦးဗန်လာလ်မွန်က သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှု လျော့ချရေး အကြာင်းကိုလည်းကောင်း အသိပညာပေး ဟောပြောပြီး ကျောင်းသား/သူများက သိရှိလိုသည်များ အား မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
အဆိုပါ ဟောပြောပွဲကို နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား/ကျောင်းသူများ သစ်တော သစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ချစ်မြတ်နိုးတက်လာစေရန်နှင့် ရာသီဥတု ပြောင်းလဲမှု ကို သိရှိနားလည်စေပြီး သစ်တောများ၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိလာစေရန် ရည်ရွယ်ကျင်းပကြောင်း မြစ်ကြီးနားခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)