ကျိုက်မရော ဧပြီ ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော မြစိမ်းရောင်စီမံကိန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း၊ ဆိုလာရေတင်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်စပ်လျဥ်း၍ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀) နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံဖြိူးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသိန်းစိုးက စီမံကိန်းလိုအပ်ချက်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ တက်ရောက်လာသော ကော်မတီဝင်များအား အဖွဲလေးဖွဲ့ခွဲ၍ စီမံကိန်းအားသာချက်၊ အားနည်းချက်များကို တာဝန်ခံများက ဦးဆောင်ဆွေးနွေး တင်ပြကြခဲ့ကြသည်။ အဆိုပါ သက်ဆိုင်သူပေါင်းစုံပါဝင်သော စီမံကိန်းများ သုံးသပ်ဆွေးနွေးပွဲသို့ ကျေးရွာ (၂၃) ရွာမှ ကော်မတီဝင် (၃၈) ဦးနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၄၇) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိချို(ကျိုက်မရော)