လည်းကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သတ်၍ သက်ဆိုင်သူများအားလုံးပါဝင်သည့် မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ ကျင်းပ

လှည်းကူး ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံဖြို့းတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်းလုပ်ငန်းများနှင့်ပတ်သတ်၍ ဆောင်ရွက်ထားရှိပြီးသည်များနှင့်ပတ်သတ်၍  သက်ဆိုင်သူများအားလုံးပါဝင်သည့် မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီ  က ရဲမွန်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွဋ်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက စီမံကိန်းသုံးသပ်ဆွေးနွေးပွဲ အကြောင်းအရာများနှင့်ပတ်သတ်၍ ရှင်းလင်းကာ စီမံကိန်းတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ၊ အားနည်းချက်၊ အားသာချက်များနှင့် အကြံပြုချက်များကို ကော်မတီဝင်များက ဆွေးနွေးဖော်ထုတ်ကြရန် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်အဆင့် စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကျင်းပရာတွင် လုပ်ငန်းစီမံကိန်း ဆောင်ရွက်ထားရှိပြီးသည့် ကျေးရွာများမှ ကော်မတီများက စီမံကိန်းကာလတစ်လျှောက်လုံး မိမိတို့တွေ့ကြုံခဲ့ရသည်များကို အဖွဲ့လိုက်ဆွေးနွေးကြရာ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးတို့က လိုအပ်သည်များကို ပြန်လည်ဖြည့်စွက် ဆွေးနွေးကြကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)