ကျောက်ဆည်မြို့ မြဘုရင်နို့ချက်စက်ရုံတွင် နို့စားနွားမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းအသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည် ဧပြီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း နို့စားနွားမွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး နို့ကောက်စခန်းများသို့ ကွင်းဆင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက် မြဘုရင်နို့ချက်စက်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဟောပြောရာတွင် ကျောက်ဆည်မြို့နယ်နို့ကောက်စခန်း(၃)ခု၊ စဉ့်ကိုင်မြို့နယ်မှ နို့ကောက်စခန်း(၂)ခု၊ တံတားဦးမြို့နယ်မှ နို့ကောက်စခန်း(၇)ခု၊ မြစ်သားမြို့နယ်မှ နို့ကောက်စခန်း(၁)ခုမှ မွေးမြူရေးတောင်သူ(၁၆၅)ဦးအား နို့ကောက်စခန်း ကွင်းဆင်းဆောင်ရွက်ရေးအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသုအောင်က ဘေးကင်းလုံခြုံစိတ်ချရသော နွားနို့ထုတ်လုပ်နိုင်ခြင်း၊ ဒေါက်တာစိုင်းလပြည့်အောင်ဓာတ်ခွဲခန်း(မန္တလေး)က နို့စားနွားများမျိုးကောင်းမျိုးသန့်မွေးမြူထုတ်လုပ်ခြင်း၊ ဒေါက်တာရဲဝင့်နိုင်မေထုန်မဲ့(မန္တလေး)က နို့ကောက်စခန်းအရည်အသွေးမြှင့်တင်ခြင်း၊‌ ကျောက်ဆည်မြို့နယ် တာဝန်ခံဒေါက်တာကျော်ရဲနိုင်တို့က နို့စားနွားများဒေသတွင်း အစားအစာရရှိရေးအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နို့စားနွားမွေးမြူမှုဖွံ့ဖြိုးရေး၊ နို့ကောက်စခန်းများသို့ အသိပညာပေးလုပ်ငန်းများကို အဖွဲ့(၉)ဖွဲ့စည်းပြီး တောင်သူများအား သန့်ရှင်းလတ်ဆတ်သောနို့ရရှိစေရန် လိုက်နာရမည့်အချက်များကို သိရှိစေရန် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့မှ ဇွန်လ(၄)ရက်နေ့အထိ အသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်တင်ထွေး၊ ကျောက်ဆည်