မန္တလေး ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနက ကြီးမှူးပြုလုပ်သော နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများအသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊လမ်း ၃၀၊ ၆၃ လမ်းနှင့် ၆၄ လမ်းကြားရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးကလေးများသင်တန်းကျောင်း၊ စုဝေးခန်းမတွင် ဧပြီလ ၂၆ ရက်နေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။
အစီအစဉ်အရ မန္တလေးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြအောင်နှင့် ရမည်းသင်းခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းတို့က ''မြန်မာနိုင်ငံ၏ သစ်တောဂေဟစနစ်ထိန်းသိမ်းရေးလုပ်ငန်းများ'' ဆိုင်ရာများကို အသိပညာပေးဟောပြော ဆွေးနွေးကြပြီး ကျောင်းသူလေးများက သိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ဖြေကြားပေးကြသည်။
ဆက်လက်၍ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့မအမြဲတမ်းပျိုးဥယျာဥ်သို့ သွားရောက်၍ ပျိုးဉယျာဉ်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြသခြင်းဆောင်ရွက်သည်။
ဟောပြောပွဲသို့ သစ်တောဦးစီးဌာန၊ မန္တလေးခရိုင်နှင့် ရမည်းသင်းခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်တို့မှ ဦးစီးအရာရှိများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ အမျိုးသမီးကလေးများသင်တန်းကျောင်းမှ ကျောင်းအုပ်ဒေါ်မီမီကျော်၊ ကြီးကြပ်ဆရာမ(၁၂)ဦးနှင့် ကျောင်းသူ(၆၅)ဦး၊ တက်ရောက်ကြကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများအသိပညာ၊ ဗဟုသုတများ ရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ ပြန်/ဆက်)