သထုံ ဧပြီ ၂၇
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေးအတွက် စာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ စာသင်ဝိုင်းများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူတို့မှ ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ ရွာဦး(အမက)ကျောင်း၊ သုဝဏ္ဏဝတီမြို့၊ ကျိုက္ကော်ရပ်ကွက်ရှိ သုခရာမ ဘုန်းတော်ကြီးကျောင်း၊ သိမ်ဆိပ်ရပ်ကွက်၊ အမက(သာသနာ) ကျောင်းတို့၌ ဖွင့်လှစ်သင်ကြားပေးနေသည့် စာတတ်မြောက်ရေး စာသင်ဝိုင်း သင်ကြားပေးနေမှုတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင် ပညာရေးမှူး ဦးခဲမိုင်းနှင့် တာဝန်ရှိသူတို့မှ ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပေါင်းစပ်ကူညီပေးခဲ့ကြပြီး ခရိုင်မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ စာသင်သားများအား အချိုရည်များတိုက်ကျွေးခဲ့ကြသည်။
သထုံမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာ ပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူများ၊ စာမတတ်သူ၊ ကျောင်းမနေသူများကို ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်စုပေါင်း (၃၃)စုတို့၌ စာသင်ဝိုင်း (၆၉)ဝိုင်း ဖွင့်လှစ်ကာ စာသင်သား(၈၀၄)ဦး တို့အား ဧပြီလ(၆)ရက်နေ့မှ စတင်ကာ ရက်ပေါင်း (၄၀)ကြာ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း မြို့နယ်အဆင့် စာတတ်မြောက်ရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
ခရိုင်(ပြန်/ဆက်)