လှိုင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲကျင်းပ

လှိုင် ဧပြီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို ဧပြီ(၂၅)ရက်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားရာတွင် လှိုင်မြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဌာနဆိုင်ရာများ၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီအနေဖြင့် မိမိတို့၏ ကဏ္ဍအလိုက်နှင့် မြို့နယ်အလိုက် (GDP) တိုးတက်မှုနှုန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် စွမ်းစွမ်းတမံ ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ (ကဏ္ဍအလိုက်) ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို သက်ဆိုင်ရာသည့်ဌာနဆိုင်ရာ အကြီးအကဲများသို့ ပေးအပ်ကြသည်။ ယင်းနောက် မြို့နယ်စီမံကိန်းရေးဆွဲရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးဟန်ဝင်းလတ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်နှင့် အဖွဲ့ဝင်များ၊ လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ ငွေရေးကြေးရေးကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍများမှ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ညိုထွန်း(ပြန်/ဆက်)