ရပ်စောက် ဧပြီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများ သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး အေးမင်းသိန်းက အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရှေးရွယ်က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက စီမံကိန်းလုပ်ငန်းများအပေါ် အကောင်းဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် ဆီဆုံ၊ ဂနိုင်ကြီးနှင့် တီတောက်ကုန်း ကျေးရွာ (၃) ရွာအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။
ထို့နောက် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ ကျေးရွာတစ်ရွာချင်းအလိုက် ဆွေးနွေးတင်ပြခြင်းနှင့် အဆိုပါ ဆွေးနွေးတင်ပြချက်များအပေါ် အားနည်းချက်၊ အားသာချက်များ၊ စီမံကိန်း ရလဒ်များအပေါ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာစီမံကိန်းအဖွဲ့ဝင် ၁၃၀ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)