မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး၏ ရော်ဘာစိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းဖြင့် ရော်ဘာ စိုက်ပျိုးထုတ်လုပ်သော အများဆုံးပြည်နယ်ဖြစ်

မော်လမြိုင် ဧပြီ ၂၇

ရော်ဘာလုပ်ငန်းသည် နိုင်ငံတော်အတွက် စက်မှုကုန်ကြမ်းများတိုးတက်ရရှိခြင်း အသေးစား စီးပွားရေးနှင့် MSME စီးပွားရေးလုပ်ငန်းများအတွက် စက်မှုကုန်ကြမ်းရရှိခြင်းတို့ကြောင့် နိုင်ငံတော်မှ အလေးထားဆောင်ရွက်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ပြည်တွင်းထုတ်ကုန်များထဲတွင် ရော်ဘာထုတ်ကုန်သည် နိုင်ငံခြားငွေများစွာ ရရှိသည့် ဒေသထွက်ကုန်တစ်ခုဖြစ်ရာ မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်ကြောင်း၊ ရော်ဘာများပိုမိုထွက်ရှိရေးအတွက် ရော်ဘာမျိုးများကို သုတေသနပြု ဖြန့်ဖြူးပေးနေပြီး မျိုးကောင်းမျိုးသန့် ရော်ဘာဖူးဆက်ပျိုးပင်များ ထုတ်လုပ်ဖြန့် ဖြူးပေးလျက်ရှိကြောင်း၊ ရေမြေဒေသနှင့် ကိုက်ညီသည့် အထွက်နှုန်းကောင်းမွန်သော ရော်ဘာမျိုးကောင်းမျိုးသန့်များ ပေါ်ထွက်လာစေရေး သုတေသနပြုဆောင်ရွက်ရန် တောင်သူများနှင့် ဝန်ထမ်းများ စွမ်းရည်မြင့်မားစေရေးအတွက် သင်တန်းနှင့်နည်းပညာပေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိကြောင်း မုဒုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။

ထို့အပြင် ရော်ဘာစိုက်ပျိုးသူများအနေဖြင့် နှစ်ရှည်ပင်များသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ လုပ်ငန်းမှ စိုက်ပျိုးထောက်ခံသည့် မျိုးများကို စိုက်ပျိုးကြသည့်အပြင် မျိုးသစ်များဖြစ်သည့် RRIM 2000 Series များကိုလည်း တိုးချဲ့စိုက်ပျိုးလာကြောင်း၊ ရော်ဘာစိုက်ပျိုးထုတ်လုပ်ရာတွင် မွန်ပြည်နယ်သည် တစ်နိုင်ငံလုံး၏ ၄၀ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု အများဆုံးပြည်နယ်ဖြစ်ပြီး ထွက်ရှိမှုအနေဖြင့် တစ်နိုင်ငံလုံး၏ ၈၀ ရာခိုင်နှုန်းရှိသည်။

မွန်ပြည်နယ်တွင် ထုတ်လုပ်ရောင်းဝယ်နေကြသည့် ရော်ဘာအမျိုးအစားများမှာ RSS MSR စသည့်အမျိုးအစားများဖြစ်ပြီး ပြည်နယ်အတွင်း ရော်ဘာလုပ်ငန်း လုပ်ကိုင်နေသည့် မှိုင်းခံရော်ဘာစက်ရုံ ၂၆ ရုံ၊ ခရမ့်ရော်ဘာစက်ရုံ ၁၁ ရုံ၊ တာယာစက်ရုံ၊ သရေ ကွင်း၊ ပူဖောင်း၊ ဘော်လုံး၊ ဖိနပ်လုပ်ငန်းများမှ တန်ချိန် ၁၅၀၀၀ ခန့်သုံးစွဲပြီး ပြည်တွင်းသုံးစွဲမှုမှ ပိုလျံသော ရော်ဘာများကို ပုဂ္ဂလိကဝယ်လက်များမှတစ်ဆင့် ရော်ဘာအဝယ်ဒိုင် ကုမ္ပဏီများမှ စုစည်း၍ ရန်ကုန်နှင့်မန္တလေးတိုင်းရှိ ကုမ္ပဏီကြီးများထံသို့တင်ပို့ကာ ထိုမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)