ညောင်ရွှေ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက်နှင့်ကျေးရွာအသီးသီးရှိ သတ်မှတ် မဲရုံများ ကြိုတင်ပြင်ဆင်များခြင်းကို ဆောင်ရွက်လျက်ရှိကြရာ အချို့မဲရုံများမှာ ကြိုတင်ပြင်ဆင်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
မဲရုံများကြိုတင်ပြင်ဆင်ရာတွင် မဲဆန္ဒရှင်များစနစ်တကျ မဲပေးနိုင်ရေးအတွက် တစ်ဦးနှင့် တစ်ဦး သတ်မှတ်အကွာအဝေးများ တိုင်းတာထားပေးခြင်း၊ လက်ဆေးရမည့်နေရာ၊ ကိုယ်အပူချိန် တိုင်းတာမည့် နေရာများသတ်မှတ်ထားရှိခြင်း၊ ဆန္ဒမဲပေးရမည့် အသိပညာပေးပိုစတာများ ပြသထားခြင်း၊မဲရုံအဝင်အထွက်သတ်မှတ်ထားရှိခြင်း၊ လွှတ်တော်အသီးသီးအတွက် မဲစာရင်း စစ်ဆေးရာနေရာ၊ မဲလက်မှတ်ထုတ်ပေးရာနေရာ၊ လျှို့ဝှတ်ဆန္ဒပြုခန်း၊ မဲလက်မှတ်ထည့်ရမည့် မဲပုံးများစသည့်တို့ကို စနစ်တကျပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
အဆိုပါ မဲရုံများကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာနယ်မြေအလိုက် ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၄ အုပ်စုရှိ မဲရုံပေါင်း ၁၄၃ ရုံရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ