နောင်ချို ဧပြီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင် နောင်ချိုမြို့နယ် အမှတ်(၃)အခြေခံပညာ မူလတန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသော ၂၀၂၄ ခုနှစ် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းရှိ သင်တန်းသား/ သင်တန်းသူများအား မြို့နယ်ပညာရေးမှူး ဆရာမကြီးမှ သွားရောက်ကြည့်ရှု့ကာ ဗလာစာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ယဥ်ကျေးလိမ္မာသင်တန်းကို ဟော်တော်ကျောင်းဆရာတော်၏ လမ်းညွှန်ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမ (၅) ဦးက သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။ အမှတ်-၃ အခြေခံပညာမူလတန်းကျောင်း၏ နွေရာသီယဥ်ကျေးလိမ္မာသင်တန်းကို ၁၉-၄-၂၀၂၄ မှ ၂၉-၄-၂၀၂၄ ထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ယဥ်ကျေးလိမ္မာသော လူငယ်၊ လူရွယ်လေးများဖြစ်လာစေရန်၊ ဘာသာတရားကို တန်ဖိုးထားနားလည်နိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်လျက်ရှိကြောင်း ပညာရေးဌာနမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)