ချမ်းအေးသာစံ ဧပြီ ၂၆
ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းခြင်းအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းရေး ဦးစီးကော်မတီနာယက၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားရာတွင် ကဆုန်လပြည့်နေ့သည် မြတ်ဗုဒ္ဓ၏ ဗျာဒိတ်ခံ၊ ဖွား၊ ပွင့်၊ စံ သည့် ရက်ထူးရက်မြတ် (ဗုဒ္ဓနေ့) ဖြစ်ပါကြောင်း၊ သာသနာတော်နှစ် ၂၅၆၇ ပြည့်ပြီး ၂၅၆၈ သို့ ကူးပြောင်းရောက်ရှိမှုအထိမ်းအမှတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ ဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍ ကဆုန်လပြည့် (ဗုဒ္ဓနေ့) နေ့ထူး နေ့မြတ်အခါသမယတွင် မန္တလေးမြို့လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် (၁၀၂၇၂) ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းသွားမည်ဖြစ်ပါကြောင်း၊ အခမ်းအနားတွင် ကိုယ်တိုင် လောင်းလှူလိုပါက လောင်းလှူနိုင်ပြီး အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက လည်း လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဆရာတော်၊ သံဃာတော်များ စိတ်ချမ်းမြေ့စေရေးနှင့် ဆက်ကပ်လှူဒါန်းလောင်းလှူမည့်သူများ အဆင်ပြေချောမွေ့စေရေး၊ လစ်ဟာမှုမရှိစေရေး အလေးထားဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခင်အတွေ့အကြုံ အားနည်းချက် အားသာချက်များအပေါ်သုံးသပ်ပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လောင်းလှူဒါန်းရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်မည့်အခန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ညွှန်ကြားရေးမှူးက ယခင်ဆောင်ရွက်ခဲ့မှုများနှင့် ယခုဆောင်ရွက်မည့်အစီအမံများနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့်လည်းကောင်း လုပ်ငန်းကော်မတီများက တာဝန်ယူထားသည့်ကဏ္ဍများအလိုက်လည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်