ဆီဆိုင် ဧပြီ ၂၆
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့အား ဇန်နဝါရီလအတွင်း KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်ရေးနှင့်လုံ ခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းများ၊ လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီး ဆီဆိုင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်များ၊ စာသင်ကျောင်း၊ ဆေးရုံစျေး၊ ဘုန်းတော်ကြီးကျောင်းများ၊ ရဲစခန်းများ၊ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ယခုအခါ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ပြန်လည်ထူထောင်ရေးအတွက် ယမန်နေ့ နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ပျက်စီးဆုံးရှုံးသွားသော မြို့ပြနှင့် အိမ်ယာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာများ၊ ဈေးများ၊ ဇဝနာရာမစာသင်တိုက် ဘုန်းတော်ဦးကျောင်း၊ မြို့နယ်ရဲစခန်း၊ မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ဒေသခံပြည်သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များတို့မှ သန့်ရှင်းဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်က မှာကြားခဲ့သည်။
ဆက်လက်၍ ဆီဆိုင်မြို့၊ အမှတ်(၂၄၃)ခြေမြန်တပ်ရင်း၊ စစ်သည်လူပျိုစုပေါင်း စားရိပ်သာ၌ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ ပြန်လည်တည်ထောင်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးတို့ကို ဆောင်ရွက်ပြီး ဦးစားပေးအလိုက် ဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများ ဝင်ရောက်လာတော့မည်ဖြစ်၍ ဆေးရုံ၊ ဈေးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို နိုင်ငံတော်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ထောက်ပံ့မှုများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ရပ်မိရပ်ဖများကလည်း ဆီဆိုင်မြို့ ပြန်လည်တည်ထောင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ရာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များအား ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများ၊ ဆိုလာမီးများတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများတို့ကပေးအပ်ရာ တာဝန်ရှိသူအသီးသီးမှ လက်ခံရယူပြီး ဒေသခံပြည်သူလူထုကိုယ်စား ဆိုက်ခေါင်ကျေးရွာနေ ဦးအောင်ကျော်မြင့်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ဆိုက်ခေါင်မြို့၊ ဇောတိကာရာမကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒါဘိဝံသအား သွားရောက်ကြည်ညိုဖူးမျှော် ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)