လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာနတွင် နွေရာသီကွန်ပျူတာ (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ

လားရှိုး ဧပြီ ၂၆

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချ နိုင်ရန်အတွက်ဖွင့်လှစ်ခဲ့သည့် နွေရာသီကွန်ပျူတာ(အခြေခံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး) ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ကွန်ပျူတာ သင်တန်းကို ဦးဆောင်သင်ကြားခဲ့သည့် ဦးထက်မြတ်စိုး (ရွှေပြည့်အိမ်) က သင်တန်းတွင် သင်ကြားပို့ချခဲ့သည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံရယူပြီး တာဝန်ရှိသူအသီးသီးက သင်တန်းဆရာများကို အမှတ်တရလက်ဆောင်များပေးအပ်သည်။

နွေရာသီကွန်ပျူတာ (အခြေခံ) ပညာသင်တန်း (၁/၂၀၂၄) သို့ သင်တန်းသား၊ သင်တန်းသူ ၂၆ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် Microsoft Paint , Microsoft Word , Microsoft Excel , Microsoft Power Point နှင့် Photoshop သင်ခန်းစာများကို အခြေခံမှစတင်ကာ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)