ရန်ကုန် ဧပြီ ၂၆
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနှင့် သြစတေးလျနိုင်ငံ ကြက်ခြေနီအသင်းတို့ပူးပေါင်းကျင်းပသော “အချက်အလက် အကာအကွယ်ပေးခြင်းဆိုင်ရာ မူဝါဒရေးဆွဲခြင်းအလုပ်ရုံဆွေးနွေးပွဲ” (Data Protection Policy Workshop) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ကျင်းပရာ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် အသင်းဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် သတင်းအချက်အလက် စီမံခန့်ခွဲခြင်းနှင့် ဆက်သွယ်ရေးနည်းပညာဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အသင်း၏ မဟာဗျူဟာ ရည်မှန်းချက်များထဲမှ တစ်ခုဖြစ်ပါကြောင်း၊ အဆိုပါရည်မှန်းချက်ပြည့်မီစေရန် Digital Transformation လုပ်ငန်းအစီအစဉ်ကိုရေးဆွဲကာ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ အသင်းမှဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းနှင့် ဆက်စပ်နေသူများအတွက် မလိုလားအပ်သော အန္တရာယ်များကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Program Coordinator Ms. Marie Manrique က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက် သတင်းအချက်အလက် စီမံခန့်ခွဲခြင်းနှင့် နည်းပညာဆိုင်ရာယူနစ် ဌာနမှူး ဦးညိမ်းချမ်းနောင်နောင်က ဆွေးနွေးပွဲနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ အသင်းဥက္ကဋ္ဌနှင့်အတူ အချိန်ပြည့် အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ဒုတိယအထွေထွေအတွင်းရေးမှူး ဒေါက်တာဒေါ်ညိုညို၀င့်နှင့် တာ၀န်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီနှင့် မိတ်ဖက်အမျိုးသား ကြက်ခြေနီအသင်းများမှ တာ၀န်ရှိသူများ၊ အသင်းဌာနချုပ်မှ ၀န်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မျက်မှောက်ခေတ်ကာလတွင် သတင်းအချက်အလက်များ၏ အရေးပါမှုကဏ္ဍသည် ပိုမိုကျယ်ပြန့်လာသည့်အတွက် အသင်း၏ သတင်းအချက်အလက်များကို အကာအကွယ် ပေးနိုင်သည့်မူ၀ါဒတစ်ရပ် ပြဌာန်းနိုင်စေရန်ရည်ရွယ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ အသင်းဌာနချုပ်မှ ၀န်ထမ်း (၄၃) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)