မူဆယ် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူလူထုများ ဆန္ဒမဲပေးသည့်အခါ အမှားအယွင်းမရှိဘဲ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးပုံအဆင့်ဆင့်အား လက်တွေ့သရုပ်ပြသခြင်းနှင့် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်သည့် မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများအနေဖြင့် သိသင့်သိထိုက်သော ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအားနှင့် လိုက်နာရမည့် အခြားသိကောင်းစရာအသိပေးမှာကြားခြင်းတို့ကို ယနေ့၊ နေ့လယ်(၂)နာရီအချိန်ခန့်က မူဆယ်မြို့၊ အထက(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မူဆယ်မြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် တာဝန်ရှိသူများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ ထုတ်ပြန်ထားသည့် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ကိုဗစ်-၁၉ရောဂါကာလ ဖြစ်သည့်အတွက် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြည်သူများမဲပေးနိုင်ရန် ဦးစားပေး ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ မဲလက်မှတ်များအမှားအယွင်းမရှိစေရန် စနစ်တကျ စစ်ဆေး ဆောင်ရွက်ကြရန်၊ မဲရုံဖွင့်ချိန်နှင့် မဲရုံပိတ်ချိန်များကို ပြည်သူလူထုများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးဆောင်ရွက်ရန်၊ မဲဆန္ဒရှင်များ ဆန္ဒမဲပေးသည့်အခါ အနှောက်အယှက် မဖြစ်စေဘဲ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရန်၊ မဲဆန္ဒရှင်များအနေဖြင့် အခက်အခဲတစ်စုံတစ်ရာရှိပါက မဲရုံတာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးရန်၊ မဲရုံ၌ တာဝန်ထမ်းဆောင်ကြသူများ၏ ထမင်းစာချိန်များကို စနစ်တကျ စီမံခန့်ခွဲကြရန်နှင့် အခြားသိသင့်သိထိုက်သည့် အကြောင်းအရာတို့ကို အသိပေးမှာကြားသည်။
ဆက်လက်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များအနေဖြင့် မဲပေးမှု မှားယွင်းမှု မရှိစေရန်နှင့် ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ စနစ်တစ်ကျမဲပေးနိုင်ရန်အတွက် မဲပေးပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ မဲထည့်စေပြီး မှားယွင်းမှုနှင့် အခြားလိုအပ်ချက်များရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းပြခြင်းများ ဆောင်ရွက်ပြုလုပ်ပေးသည်။
အဆိုပါ ရွေးကောက်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့် မဲပေးပုံအဆင့်ဆင့် သရုပ်ပြသခြင်းသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူးများ၊ ဒုတိယမဲရုံမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)