သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးနိုင်ရန် ခွဲစိတ်ခန်းနှင့် ခွဲစိတ်ခန်းသုံးကိရိယာများအား စနစ်ကျသန့်စင်ဆောင်ရွက်

သီပေါ ဧပြီ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူ ဆရာတော် ဒေါက်တာအရှင် ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး ၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၅၂)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုအား (၅၃)ကြိမ်မြောက်အဖြစ် ၂၀၂၄ခုနှစ် ၊ မေလ ၆ ရက်နေ့ တွင် ပြန်လည် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဆရာဝန်များနှင့် လူနာများ စိတ်အေးချမ်းသာစွာ ကုသဆောင်ရွက် နိုင်ရေးအတွက် ဆေးရုံတော်ကြီးရှိ ခွဲစိတ်ကုသခန်းများမှ ပစ္စည်းကိရိယာများ၊ မျက်စိစမ်းသပ်ခွဲစိတ်ကိရိယာများ အားပိုးသန့်စင်ခြင်း၊ စစ်ဆေးခြင်းများကို စေတနာ့ဝန်ထမ်းများက စုပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မျက်စိ စမ်းသပ်ခွဲစိတ် ကုသပေးမှု များအား ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၈)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက်စမ်းသပ်ကုသနိုင်ကြောင်းနှင့် မျက်စိဝေဒနာရှင်များ အား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် အလှူရှင်များမှလည်း အလှူငွေများ လာရောက်လှူဒါန်း ပေးလျက်ရှိကြောင်း  မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။

ခင်လေး(ပြန်/ဆက်)