သန်လျင် နိုဝင်ဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက် ဆေးဝါးကုသမှု ခံယူလျှက်ရှိသော ကိုဗစ်လူနာများနှင့် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်း များအား ဆေးဝါးနှင့်ဆန်၊ ဆီများကို ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြုအဖွဲ့နှင့် အလှုရှင်များက ပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်ဆေးရုံကြီး၌ ကျင်းပသည်။
ရှေးဦးစွာ အလှူရှင်အဖွဲ့ခေါင်းဆောင် ဦးဌေးမိုး (ရွှေနဂါး)က ဆေးရုံကြီးရဲ့ လိုအပ်ချက်များ အဆက်မပြတ် လှူဒါန်း ဆောင်ရွက်ပေးခဲ့မှုနှင့် ယနေ့ထပ်မံလှူဒါန်းခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆေးရုံအုပ်ကြီး ဒေါက်တာချိုချိုလွင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး အလှူရှင် များ၏ လှူဒါန်းသော ဆန်၊ ဆီနှင့် ဆေးဝါးများအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
အလားတူ အဆိုပါ အဖွဲ့သည် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းအားလုံး အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာမြကြေးမုံသို့ လည်းကောင်း၊ ပုံမှန်ဝင်ငွေ မရှိသော အခြေခံ ပြည်သူများနှင့် ပရဟိတအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များအား ဆန်နှင့်ဆီများကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်လျင်မြို့ ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်အထောက်အကူပြု အဖွဲ့နှင့် အလှုရှင်များသည် မြို့နယ်အတွင်း ကိုဗစ်ကာလ ထောက်ပံ့ကူညီလှူဒါန်းမှုမှာ ယနေ့ထိ ကျပ်သိန်း(၁)ထောင်ကျော် ထောက်ပံ့လှူဒါန်း ပေးခဲ့ပြီးဖြစ်ကြောင်း အဆိုပါ အဖွဲ့မှ အကျိုးဆောင် ကိုအောင်ကိုကို၏ ပြောကြားချက်အရ သိရသည်။
သန်းဝင်း(သန်လျင်)