မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲဓာတ်ပုံပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

မန္တလေး  ဧပြီ ၂၅

၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ပျော်ရွှင်ဆင်နွှဲ မန်းသင်္ကြန်ပွဲ ဓာတ်ပုံပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရုံး မြို့တော်ခန်းမတွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဓာတ်ပုံပညာရှင်များ၊ အမှတ်ပေးဓာတ်ပုံဒိုင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်ကဂုဏ်ပြု အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပုံရိပ်များ နှစ်အလိုက် မှတ်တမ်းမှတ်ရာ ကျန်ရှိရေးနှင့် ထူးချွန်ဓာတ်ပုံ ပညာရှင်များ ပေါ်ထွက်နိုင်ရေးရည်ရွယ်၍ မဟာသင်္ကြန်ကာလအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံများကို ပျော်ရွှင်ဆင်နွှဲမန်းသင်္ကြန်ပွဲ ခေါင်းစဉ်ဖြင့် နှစ်စဉ်ကျင်းပပေးလျက်ရှိပါကြောင်း၊ ဓာတ်ပုံပညာရှင်များ၊ ဒိုင်များက ဓာတ်ပုံပညာရှုထောင့်အရ အယူအဆကောင်းမွန်သည့် ပြိုင်ပွဲခေါင်းစဉ်နှင့် ကိုက်ညီမှုရှိသည့်ပုံများကို ရွေးချယ်ပေးထားခြင်းဖြစ်ပါကြောင်း၊ ဓာတ်ပုံပညာရပ်သည် အနုပညာနှင့် သက်ဝင်ဆောင်ရွက်ရသည်ဖြစ်ပြီး ခေတ်စနစ်တစ်ခု၏ မှတ်တမ်းများအဖြစ် ကျန်ရစ်ခဲ့ရမည်ဖြစ်ပါကြောင်းပြောကြားသည်။

၎င်းနောက် ဓာတ်ပုံပြိုင်ပွဲ အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့သူ ဓာတ်ပုံပညာရှင် ဦးစောအောင်မင်း (နယူးအာရှ)က အမှတ်ပေးရွေးချယ်ပုံအဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးက အကဲဖြတ်ဒိုင်အဖွဲ့အား ဂုဏ်ပြုငွေများကို ချီးမြှင့်သည်။

ဆက်လက်၍ ဆုရရှိသူများကိုဆုများချီးမြှင့်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရ မိုးဟိန်းထွန်း(မွန်ဆွန်း)၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရ ထက်အောင် တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက တတိယဆုရနှင့် နှစ်သိမ့်ဆုရရှိသူတို့ကိုလည်းကောင်း ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ချီးမြှင့်ခဲ့ပြီး  ဆုရရှိသူ အောင်မင်းဦး(မန္တလေးနေ့စဉ်)က ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရဓာတ်ပုံများနှင့် ပြိုင်ပွဲဝင်ဓာတ်ပုံများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ 

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)