ရမည်းသင်း ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အကျင့်ကောင်းများနှင့် စာပေအသိပညာများ ပြန်လည်မျှဝေတတ်စေရန်အတွက် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်း ခရိုင် ပြန်/ဆက်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး အပြန်အလှန် ဆွေးနွေးတတ်စေရန်တို့ကို ဆွေးနွေးပြောကြားကာ အားလပ်ချိန်များတွင် ရမည်းသင်းခရိုင်ပြည်သူ့ စာကြည့်တိုက်ရှိ သုတ/ရသ စာပေကောင်းများ လာရောက်ဖတ်ရှုလေ့လာကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ထုတ်ဝေသည့်၊ အတွဲ-၂၁၊ အမှတ်-၈၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ(၁၅) ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ်မှ စာရေး ဆရာမ ဆုလတ်မေ ရေးသားသည့် "နွေရာသီမှာကြုံရမယ့် ကျန်းမာရေးပြဿနာများ"ဆောင်းပါးကို Grade-7 ကျောင်းသူ မမြတ်သီရိဝေနှင့် မနှင်းရတီမျိုးတို့မှ ဖတ်ကြားပြီး Book Club အသင်းဥက္ကဋ္ဌ ဦးမျိုးလွင်မှ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းခြင်း တို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အပူကြောင့် ရေဓာတ်ဆုံးရှုံးခြင်း၊ အရေပြားပြဿနာများ ဖြစ်ပေါ်နိုင်ခြင်းတို့ကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် ကျောင်းသားလူငယ်များမှ မိမိမှတ်မိသလို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)