ကျောက်ဖြူ ဧပြီ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအနေဖြင့် ပြည်သူ့စာကြည့်တိုက်ဆိုင်ရာ လုပ်ငန်းများကို သိရှိနားလည်တတ်မြောက်စေရန်ရန်ရည်ရွယ်၍ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၄) ကို ယမန်နေ့ နေ့လယ်က အဆိုပါခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က မိမိတို့ဌာနသည် ပြည်သူကိုဗဟိုပြုသော ဌာနဖြစ်သည်နှင့်အညီ ပြည်သူများ အသိပညာဗဟုသုတများကြွယ်ဝစေရန်၊ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုရာတွင် အဆင်ပြေစေရန်၊ ပျက်ဆီး/ ပျောက်ဆုံးမှုများ မဖြစ်ပေါ်စေရန်နှင့် စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင် စာအုပ်ပါ နည်းလမ်းများအတိုင်း စနစ်တကျဆောင်ရွက်တတ်စေရန်ရည်ရွယ်ကာ ယခုသင်တန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းအား ဆက်လက်ပြသရာ သင်တန်းနည်းပြမှ စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာရေးသူအခြေခံကတ်ပြားပုံစံ (နမှုနာ)၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများစသည့် စာကြည့်တိုက်ဆိုင်ရာအကြောင်းအရာများကို ပို့ချပြသပေးခဲ့သည်။ အဆိုပါ သင်တန်းကို ကျောက်ဖြူခရိုင်ရုံးမှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၂၄-၄-၂၀၂၄ ရက်နေ့မှ ၂၆-၄-၂၀၂၄ ရက်နေ့အထိ (၃)ရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)