တံတားဦး ဧပြီ ၂၅
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ ကူတော်ဘုန်းတော်ကြီးကျောင်းတွင် ဆဋ္ဌမအကြိမ်မြောက် နွေရာသီဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေ(၅)နာရီက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပကြောင်း သိရသည်။
နွေရာသီ ဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်ကြသည်။ ဆက်လက်၍ သူငယ်တော်ကျေးရွာ ကူတော်ဘုန်းတော်ကြီးကျောင်း ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဏဝက ဩဝါဒစကားမြွက်ကြားပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကွန့်က အမှာစကားပြောကြားသည်။ ဆက်လက်၍ ဘဒ္ဒန္တအာစရမှ ဆဋ္ဌမအကြိမ်မြောက် နွေရာသီသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး နွေရာသီသင်တန်းသို့ တက်ရောက်ခဲ့ကြသည့် ကျောင်းသား/သူများကို သင်တန်းဆင်းအောင်လက်မှတ်များနှင့် World Vision Myanmar မှ ထောက်ပံ့လှူဒါန်းသည့် ကျောင်းသုံးစာရေး ကိရိယာများကိုပေးအပ်ပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဌတု “သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းပေးကြသည်။ ထို့နောက် ကျောင်းသား/သူများက အကအလှများဖြင့် ကပြဖျော်ဖြေပေးကြသည်။
နွေရာသီ ဗုဒ္ဓစာပေယဉ်ကျေးလိမ္မာသင်တန်းတွင် ပထမအဆင့်တွင် ကျောင်းသား/သူ(၁၈)ဦး၊ ဒုတိယအဆင့်တွင် ကျောင်းသား/သူ(၈)ဦး အခြေပြုအဆင့်တွင် ကျောင်းသား/သူ(၄၄)ဦး စုစုပေါင်း(၇၀)ဦးရှိပါကြောင်း၊ အဆိုပါယဉ်ကျေးလိမ္မာသင်တန်းကို နှစ်စဉ် တပိုတွဲလပြည့်ကျော်(၃)ရက်နေ့မှ တန်ခူးလပြည့်နေ့အထိ ဥပုဒ်နေ့မှအပ ကျန်ရက်များတွင် နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီအချိန်အထိ ဖွင့်လှစ်ကြားပေးလျက်ရှိကြောင်း အရှင်အာစရထံမှသိရသည် ။
ဦးရဲတင့်(ပြန်/ဆက်)