ကချင်ပြည်နယ်ဝန်ကြီးချုပ် ယာယီတိမ်းရှောင် အိမ်ထောင်စုများ မိုးမကျမီဆောလျင်စွာ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား ဧပြီ ၂

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လတ်တလောနယ်မြေအခြေအနေအရ နေရပ်ကျေးရွာများကို စွန့်ခွာ၍ ဘာသာရေးအသင်းအဖွဲ့အသီးသီး၏ ယာယီခိုလှုံရာစခန်းများတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စီစဉ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ နံနက်ပိုင်းက ဝိုင်းမော်မြို့နယ်အတွင်းရှိ  ယာယီ တိမ်း‌ရှောင်ပြည်သူများ မိုးမကျမီဆောလျင်စွာ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး တာဝန် ရှိသူများနှင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝိုင်းမော်မြို့ နောင်ချိန်းကျေးရွာသို့ သွားရောက်ပြီး နောင်ချိန်းနှစ်ခြင်းခရစ်ယာန်အသင်းတော် ဘုရားကျောင်းခန်းမဆောင်၌ ဌာနေပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင် ဦးလဆန်အောင်ဝါနှင့်အတူ ကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်ခိုလှုံနေထိုင် လျက်ရှိသည့် ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပထမအကြိမ်လာရောက် တွေ့ဆုံပြီး မိသားစုများအတွက် အခြေခံစားသောက်ကုန်များနှင့် ပံ့ပိုးမှုများ ဆောင်ရွက်ပေးခဲ့ပါ ကြောင်း၊ ယနေ့ ဒုတိယအကြိမ်အဖြစ် မိသားစုများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့်အပြင် အဓိကအရေးကြီးသည့် အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိသားစုများ၏ လိုအပ်ချက်များကို မိမိတို့အနေဖြင့်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များအနေဖြင့်လည်းကောင်း အားလုံးက အတူ လက်တွဲပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

ထို့နောက် နောင်ချိန်းကျေးရွာအုပ်စုအတွင်းသို့ ယာယီတိမ်းရှောင်လာကြသည့် အိမ်ထောင်စု များအား စခန်းဖွင့်လှစ်ဆောင်ရွက်ထားသည့် အ.ထ.က(နောင်ချိန်း)၊ KBC ခြံဝင်း၊ ရွှေညောင်ပင် ပန်းခြံ၊ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနှင့် ဆွေမျိုးနေအိမ်များတွင် တိမ်းရှောင်နေထိုင် လျက်ရှိ သော အိမ်ထောင်စု (၃၄၈)စု၊ လူဦးရေ (၁၄၃၀)ဦးတို့ကိုယ်စား စခန်းတာဝန်ခံများက မိသားစု များ နေထိုင်စားသောက်မှုအတွက် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ် ဝန်ကြီးချုပ်က အိမ်ထောင်စုများ ယာယီနေထိုင်လျက်ရှိသည့် စခန်းများအတွင်း နေအိမ်အဆောက် အအုံတန်းလျားများ ပြုပြင်တည်ဆောက်ပေးနိုင်ရေး၊ အသစ်တည်ဆောက်ပေးနိုင်ရေးနှင့် လိုအပ် သည်များကို  အမြန်ဆုံးဖြည့် ဆည်း‌ဆောင်ရွက်ပေးနိုင်ရေး ကဏ္ဍအလိုက် သက်ဆိုင်ရာပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများအား မုန့်များကို လိုက်လံဝေငှကျွေးမွေးခဲ့ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မိုင်းနားကျေးရွာအုပ်စု၊ မခေါယန်ကျေးရွာအတွင်းရှိ RC အသင်းတော်ပိုင်ဝင်းအတွင်း မြို့နယ်အတွင်းရှိ ကျေးရွာများမှ တိမ်းရှောင်လာသော မိသားစုများ အတွက် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် တည်‌ဆောက်လျက်ရှိသည့် နေအိမ်တန်းလျားများ တည်ဆောက်နေမှုအခြေအနေများ၊ ရေရရှိရေး ဆောင်ရွက်ပေးထားသည့် အခြေအနေများကို လှည့် လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ထပ်မံဖြည့်စွက်ပံ့ပိုးပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မိုင်းနား KBC ယာယီစခန်းသို့ သွား ရောက်ပြီး စခန်းတာဝန်ခံများနှင့် တွေ့ဆုံကာ ထပ်မံတိမ်းရှောင်လာသည့် မိသားစုများအား နေထိုင်မှု အတွက် နေအိမ်များ ပြင်ဆင်ဆောက်လုပ်နိုင်ရေးကိစ္စရပ်များ၊ စားနပ်ရိက္ခာထောက်ပံ့နိုင်ရေးအတွက် ဆန်အိတ်များ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုအပါ အဝင် လိုအပ်သည်များနှင့် စပ်လျဉ်း၍ ပံ့ပိုးကူညီပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးဆောင်ရွက်ခဲ့ကြ သည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်တွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များနှင့်အတူ တိမ်းရှောင်ပြည်သူများ မိုးမကျမီ ဆောလျင်စွာ အမိုးအကာအောက် လုံခြုံစွာ နေထိုင်စားသောက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်တွင်းနေရပ်စွန့်ခွာ သူများ အရေးနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆောင်ရွက်ခဲ့သော်လည်း ယနေ့တွင် နယ်မြေအခြေအနေအရ ထပ်မံ တိမ်း‌ရှောင်လာသည့် အိမ်‌ထောင်စုများလည်း ရှိနေပါကြောင်း၊ ယခုအခါ မိုးမကျမီ စားနပ်ရိက္ခာ နှင့် အမိုးအကာအောက် လုံခြုံစွာနေထိုင်နိုင်ရေး ဘာသာရေးအဖွဲ့အစည်းအသီးသီး၏ လုပ်ကိုင် ဆောင်ရွက်နေမှုများကို လည်းကောင်း၊ မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ ဆောင်ရွက်နိုင်မှုများ ကိုလည်းကောင်း အားလုံးက အချင်းချင်းအချိတ်အဆက်မိမိဖြင့် အချိန်မီဆောင်ရွက်နိုင်အောင် ဆွေးနွေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားမှု၊ ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းမှု အခြေအနေများနှင့် လတ်တလောနယ်မြေအခြေအနေအရ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်မြို့နယ်များတွင် ယာယီတိမ်းရှောင်ပြည်သူများ ခိုလှုံနေထိုင်မှု အခြေအနေများ၊ ခိုလှုံရာစခန်းများအတွင်း နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များ၊ အခက်အခဲများ၊ ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု များအား မိုးရာသီကာလအတွင်း နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ သား၊ သမီးငယ်များ ပညာရေးနှင့် စပ်လျဉ်း၍ အားလုံးက ဝိုင်းဝန်းလက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)