မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မိတ္ထီလာ ဧပြီ ၂၅

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီ၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို ဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဦးစွာကျင်းပရာ မိတ္ထီလာအခြေပြု ဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနာယက ဆရာတော်ဘဒ္ဒန္တသုမနက အဖွင့်ဩဝါဒါမိန့်ကြားသည်။ ဆက်လက်၍ အဆိုပါကော်မတီဥက္ကဋ္ဌ ထီလာလိတ်ဗျူးဟိုတယ်ပိုင်ရှင် ဦးသန်းစိုးက အမှာစကားပြောကြားပြီး ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်စိန်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသူ ကျောင်းသား ၁၂ ဦးက ပါဝင်ယှဉ်ပြိုင်သည်။ ကျောင်းသူ ကျောင်းသား လူငယ်များရဲ့ အင်္ဂလိပ်စာစွမ်းရည် တိုးတက်ဖွံ့ဖြိုးရေးရည်ရွယ်ချက်နဲ့ ကျင်းပတဲ့ ဒီပြိုင်ပွဲကို  စတုတ္ထအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသူ ကျောင်းသားများအား ဂုဏ်ပြုဆုများနှင့် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်များကို တာဝန်ရှိသူက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ