မလှိုင် ဧပြီ ၂၅
မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မလှိုင်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ “ဇေယျာအောင်သံ” အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မလှိုင်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်(GDP)တန်ဖိုးမှာ ကျပ်သန်းပေါင်း(၂၃၂.၂) ဘီလီယံရရှိရန်နှင့် (၆.၃) ရာခိုင်နှုန်း တိုးတက်ရန် ရည်မှန်းထားရှိပါကြောင်း၊ ကဏ္ဍများအလိုက် ထုတ်လုပ်မှုကဏ္ဍအနေဖြင့် (၈.၁)ရာနှုန်း၊ ဝန်ဆောင်မှုကဏ္ဍအနေဖြင့် (၃.၇)ရာနှုန်း၊ ကုန်သွယ်မှုကဏ္ဍအနေဖြင့်(၁.၃)ရာနှုန်း၊ တိုးတက်ရန်ရည်မှန်းထားကြောင်း၊ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်း အရေအတွက် (၅၁)ခုရှိပြီး၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်း အရေအတွက် (၂၉)ခုရှိ၍ ဦးစီးဌာနပေါင်း(၄)ခု ပါဝင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူးဒေါ်ဝင်းယုဆွေက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်ကဏ္ဍကြီးများအလိုက် လယ်ယာကဏ္ဍကြီးအနေဖြင့် တိုးတက်မှု(၁၂.၉)ရာနှုန်း၊ စက်မှုကဏ္ဍကြီး အနေဖြင့် တိုးတက်မှု(၂.၅)ရာနှုန်း၊ ဝန်ဆောင်မှုကဏ္ဍကြီးအနေဖြင့် တိုးတက်မှု(၂.၂) ရာနှုန်း တိုးတက်ရန် ရည်မှန်းထားရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများက ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သန်း (၁၇၆၄.၆၀၇)သန်းဖြင့် ဆောင်ရွက်မည့် ဦးစီးဌာန(၄)ခုမှ လုပ်ငန်းအရေအတွက်(၂၉)ခုအတွက် စီမံကိန်းတာဝန်ပေးအပ်လွှာများကို ပေးအပ်ရာ သက်ဆိုင်ရာ ဌာနအကြီးအကဲများက လက်ခံရယူခဲ့ကြသည်။ တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေမှ ခွင့်ပြုငွေ ကျပ်သန်း(၁၉၃၅.၉၉၈)သန်းဖြင့် ဆောင်ရွက်မည့် ဦးစီးဌာန(၉)ခုမှ လုပ်ငန်းအရေအတွက် (၅၁)ခု အတွက် စီမံကိန်း တာဝန်ပေးအပ်လွှာများကို ဆက်လက်ပေးအပ်ရာ သက်ဆိုင်ရာဌာန အကြီးအကဲများက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က နိဂုံးချုပ်အနေဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းစီမံကိန်းများကို အချိန်မီပြီးစီးအောင်၊ ဘတ်ဂျက်ငွေများ လေလွင့်ပြုန်းတီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် အရည်အသွေးပြည့်ဝရေးအတွက် တာဝန်ယူမှုတာဝန်ခံမှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်ပေးအပ်ပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများစုစုပေါင်း (၁၅၃)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဌေး (မလှိုင်)