သထုံ ဧပြီ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့၊ နံနက်က မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ အောက်ကျင်းရပ်ကွက်ရှိ DENKO စက်သုံးဆီ အရောင်းဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ သထုံမြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဇော်မင်းက ပူပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီကာလ၌ စက်သုံးဆီအရောင်းဆိုင်များ၏ မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ရမည့် အချက်များ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ခြင်း နည်းလမ်းများကို အသိပညာပေး ဟောပြောဆွေးနွေးသည်။
ယင်းနောက် မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် DENKO စက်သုံးဆီအရောင်းဆိုင် ဝန်ထမ်းများပူးပေါင်းကာ ဆီမီးလောင်မှုဖြစ်စဉ်များ၌ မီးသတ်ဆေးဘူး၊ မီးသတ်ယာဉ်စက်များဖြင့် မီးငြှိမ်းသတ်ခြင်း၊ အမြှုပ်မီးသတ်ဆေးရည် Foam အသုံးပြု၍ ငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြ ဇတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)