သထုံ ဧပြီ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များ၌ ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန်လိုအပ်သည့် ဆေးဝါးများကို ဆေးညွှန်းစာမပါဘဲ ရောင်းခြခြင်း ရှိ/မရှိအား မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်းကာ ယနေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ သထုံခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦးဦးဆောင်မှုဖြင့် တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့ပေါ် ရပ်ကွက်အသီးသီးတို့ရှိ လိုင်စင်ရဆေးဝါးအရောင်းဆိုင်များ၌ သတ်မှတ်လိုင်စင်စည်းကမ်းများနှင့်အညီရောင်းချခြင်း ရှိ/မရှိ၊ ဆရာဝန်ဆေးညွှန်းစာဖြင့်ရောင်းချရန်လိုအပ်သည့် ဆေးဝါးများကို ဆေးညွှန်းစာမပါဘဲ ရောင်းခြခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးကာ လိုအပ်သည်တို့ကို အသိပညာပေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါကွင်းဆင်းစစ်ဆေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်