မော်လမြိုင် ဧပြီ ၂၅
မွန်ပြည်နယ်တွင် အများပြည်သူများ အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက် ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများမှ ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ မွန်ပြည်နယ်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိုဦးတည်လျက် ကဏ္ဍပေါင်းစုံတွန်းအားပေး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီ၏ အနီးကပ်ကြီးကြပ်မှု အားကစားနည်းအလိုက် ဆပ်ကော်မတီဝင်များ၏ တက်ကြွစွာပူးပေါင်းလုပ်ဆောင်မှု ၊ စေတနာရှင် ၊ အလှူရှင်များ၏ ထောက်ပံ့ကူညီမှုများနှင့် အားကစားသမားများ၏ ဇွဲ၊ စိတ်ဓာတ်၊ လုံ့လတို့ဖြင့် စနစ်တကျကြိုးစားယှဉ်ပြိုင်မှုမှာ အဓိကဖြစ်ကြောင်း (၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ မြို့နယ်အဆင့်၊ ခရိုင်အဆင့်မှသည် မွန်ပြည်နယ်လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေး၊ ပိုက်ကျော်ခြင်းအားကစားနည်းကို လူအများစိတ်ဝင်စားပြီး ပါဝင်လာခြင်းဖြင့် မွန်ပြည်နယ်ပိုက်ကျော်ခြင်း အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် မွန်ပြည်နယ်ပိုက်ကျော်ခြင်းအသင်း အောင်မြင်မှုရရှိစေရေး၊ မြန်မာ့လက်ရွေးစင် နိုင်ငံဂုဏ်ဆောင် ပိုက်ကျော်ခြင်းအားကစားသမားများ မွေးထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်ကောင်းတွေ ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အားထားရမည့် အားကစားသမား ကောင်းတွေဖြစ်လာအောင် မိမိကိုယ်ကို ယုံကြည်စိတ် ၊ ခိုင်မာတဲ့စိတ်ဓာတ်နှင့် မိမိရည်မှန်းချက်ကို အောင်မြင်အောင်ကြိုးစားကြရန်နှင့် ပြိုင်ပွဲဝင်အားကစားသမားများအနေနှင့် ချမှတ်ထားသည့် ပြိုင်ပွဲစည်းမျဉ်း/ စည်းကမ်းဘောင်အတွင်းက ကြိုးစားယှဉ်ပြိုင်သွားကြရန် ၊ ပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်ကြမယ့် ဒိုင်လူကြီးများကလည်း ဘက်လိုက်မှုကင်းစွာနှင့် မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက်ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီး ဘင်ခရာအဖွဲနှင့် ဆိုင်ဘုတ်ကိုင်အဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေပေးအပ်၍ အဖွင့်ပွဲစဉ်အဖြစ် မော်လမြိုင်မြို့နယ် ပိုက်ကျော်ခြင်းအသင်းနှင့် မုဒုံမြို့နယ် ပိုက်ကျော်ခြင်းအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးကြသည်။
အဆိုပါ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၁၀)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧပြီလ ၂၅ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)