ရန်ကင်း ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက်ပိုင်းက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းအောင် ဦးဆောင်သည့်အဖွဲ့က အမှတ်(၂)ရပ်ကွက်အတွင်း နေထိုင်ကြသောမြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးနေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ်နှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးသင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)၊(၂)တို့တွင် ရာခိုင်နှုန်းပြည့်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းနေပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)