သီပေါ နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နမ့်လန်ကျေးရွာအုပ်စု၊ နမ့်လန်ကျေးရွာ နယ်မြေမီးသတ်စခန်းမှ ကျေးရွာနေ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယမန်နေ့ ညနေပိုင်းက ကျေးရွာလမ်းများ တစ်လျှောက် မီးသတ်ကားဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် နမ့်လန်ကျေးရွာနယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများက ကျေးရွာအတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ ထားရှိကြရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှအိပ်ကြပါရန်၊ လျှပ်စစ်မီးအား အသုံးပြုပြီးတိုင်း ပြန်လည်စိစစ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်းဆေးလိပ်သောက်သုံးခြင်းမပြုလုပ်ရန်၊ မိမိတို့နေအိမ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည် များကို ရေဖြည့်ထားကြရန်နှင့် အမှိုက်သရိုက်များကို မီးရှို့လိုပါက နယ်မြေမီးသတ်စခန်းသို့ သတင်းပေး ပို့ရန်တို့ကို လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
နမ့်လန်ကျေးရွာအတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်၍ မီးသတ်ကားဖြင့် လှည့်လှည်အသိပညာပေး နှိုးဆော်ရခြင်းဖြစ်ကြောင်းနှင့် အပတ်စဉ် လှည့်လည်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နမ့်လန်ကျေးရွာ နယ်မြေ မီးသတ်စခန်းမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)