ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ပြည်သူများ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ ဧပြီ ၂၅

ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ  သပြေကုန်းစျေးသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်အောင်၊ မြို့နယ်အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ တာဝန်ရှိသူများနှင့် စျေးစည်ပင်အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဆေးဆိုင်များတွင် ဆေးဝါးများပြတ်လတ်မှုမရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ စားသုံးရန်မသင့် ကြေညာထားသည့် အစားအသောက်များနှင့် သက်တမ်းလွန်အစားအသောက်များ ရောင်းချခြင်း ရှိ/ မရှိ၊ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှု ရှိစေရေးနှင့် ဈေးရောင်းချသူပြည်သူများအား စားသုံးသူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)